ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်လ၂၀ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၉ နာရီခွဲလောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့၊ ကော့နွဲ့ကျေးရွာနားမှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလို ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ညဘက်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညက လေယာဥ်နဲ့လာချသွားတယ် ၂ လုံး၊ ကြာအင်းရွာဘက်ကို၊ အိမ်ပါတုန်သွားတယ်၊ လူမထိဘူး ပြောတယ်၊ ရွာအပြင်ဘက်မှာဘဲကျပြီးပေါက်ကွဲသွားတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့နွဲ့ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် တံတားဦးရပ်ကွက်က ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကော့ကရိတ်ကနေ မြဝတီကိုပိတ်မဲ့လမ်းမှာ ကရိန်းနဲ့ကန့်လန့်ပိတ်ထားတယ်၊ လမ်းတွေအားလုံး ပိတ်လိုက်ပြီး၊ ကားအတင်အဆင်းတွေလည်း ပိတ်ထားတယ်၊ ကော့ကရိတ်မြို့ထဲမှာလည်း အခြေနေမကောင်းဘူး” ဒေသခံတစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်ထဲမှာရှိတဲ့ မြဝတီ၊ ကော့ကရိတ်၊ သံတောင်၊ ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Cj

Phar Si Than(People’s Radio Myanmar)