နံဇရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်

ပဲခူးတိုင်း၊​ ကေအဲန်ယူ-တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၂ နာရီ ၃၀ မိနစ်အချိန်လောက်ကတည်းက နံဇကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ​KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး မနက် ၄ နာရီအချိန်မှာတော့ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄၊ ပဲနွယ်ကုန်းရွှေဝါတပ်ရင်း ခမရ ၃၀၇၊ ဖြူးအခြေစိုက်ခမရ ၃၀၈ ရှိ အင်းအား ၁၅၀ ​ပါစစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာအတွင်းကနေအိမ်တွေကို မီးရှို့​နေတာဖြစ်လို့ ဒေသခံတွေကပြောပါတယ်။

နံဇကျေးရွာရှိဒေသခံအမျိုးသမီးတစ်ဦးကတော့ “အစ်မတို့ထွက်ပြေးတာက ည ၁၁ ခွဲ လောက် ကတည်းက၊ ၁၂ လောက်တော့ပစ်သံကြားတာပဲ တိုက်ပွဲဖစ်တယ်လို့ပဲပြောရမယ် အဝေးမှာ​ဆိုတော့ မသိဘူး မနက် ၄ နာရီတော့ မီးတွေ့တာပဲ” လို့သူကပြောပါတယ်။

နံဇရွာရှိဒေသခံအမျိုးသားတစ်ဦးကလည်း “ညကတော့တိုက်ပွဲအပြင်းအထန်ဖြစ်တယ် ည ၁၂ နာရီ ၁၅ က စမယ်ထင်တယ် ဗမာစစ်တပ်ကလက်နက်ကြီးတွေနဲ့ တရပ်စပ်ပစ်တာ သူတို့ထုံးစံအတိုင်း တိုက်ပွဲဖြစ်ပြီး ရွာထဲရောက်တဲ့အခါ မီးရှို့တယ် ပစ္စည်းတွေယူတယ် ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာဘဲ တိုက်ပွဲက နံဇရွာရဲ့အနီးဖြစ်သွားတာပေါ့ အိမ်မီးလောင်တာကတော့ အတိအကျမသိသေးဘူး၊ ရွာထဲလည်း ဘယ်သူမှမရှိမဝင်ရဲကြတော့လို့” လို့ သူကပြောပါတယ်ပါတယ်။

ဇနံကျေးရွာအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၂၀ ကျော် ပျက်စီးသွားကာ လက်ရှိအချိန်မှာလည်း နံဇ၊ ဗောဓိကွင်း၊ ရေလည်စု ရွာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး အခုလို ပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးတာ၊ ငွေညစ်တာ၊ နေ့ညမပျက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဟာ ပြည်သူလူထုကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ KNLA သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းကနေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် နံဇရွာ အပါအဝင် ရေလည်စု၊ ဗောဓိကွင်း၊ တလိုင်းခင်၊ ဖျံတလင်း၊ ဖိုးတ၊ ချောင်းဝကျေးရွာတို့က ဒေသခံ ၃၀၀၀ ဝန်းကျေင်လောက်ဟာလည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ၇၆ လုံးကို မွှေနှောက်ရှာဖွေကာ ပစ္စည်းတွေယူဆောင်သွားခဲ့ပြီး နေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၁ ဦးသေဆုံးခဲ့တဲ့အပြင် ဒေသခံ ၃၃၃၅ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့် ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)