ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေ

ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နားမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နား တစ်ဝိုက်ကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကော့ကရိတ်မြို့၊ ကော့နွဲ့ကျေးရွာနားမှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ ၉၇ တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညထဲကအခြေနေမကောင်းတာ၊ သူတို့ (စကစ) ညထဲက အဝိုင်းခံထားရတယ်ကြားတယ်၊ မနက်မှပစ်တာ၊ မြို့ပြင်ကနေပစ်ထည့်လို့ တံတားဦးက မူလတန်းကျောင်းနားကျတယ်၊ သုံးဦးထိတယ် ကြားတယ်၊ ခရင်းကုန်းမှာလည်း ကျတယ် ၆ နာရီလောက်က မကွဲဘူး၊ ဒလက်မပါလို့မကွဲတာ” လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ ကားပိတ်နေပြီး သတိနဲ့ သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။

“အခုကတော့ ခနငြိမ်နေတယ်၊ ကားတွေကတော့ သတိနဲ့သွားရပါတယ်၊ မနက်ကတော့ ကားတစ်စီးမှ သွားမရဲဘူး၊ ရပ်နေကြရတယ်၊ ၁၁ နာရီကျော်လောက်မှာ ဖြည်းဖြည်းချင်းဆီသွားနေကြတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွေထဲ ပစ်ခတ်တာတွေကို နေ့တိုင်းနီးပါး လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဇွန်လ ၁ လအတွင်း ကော့ကရိတ်မြို့နယ်ထဲက ဒေသခံ ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၀ ဦး နီးပါးသေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကရင်ပြည်နယ်ထဲက မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့နဲ့ ဖာပွန်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်း ဖြစ်ပွားနေပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)