
“CDM တယောက်ရဲ့ ဘဝငိုရှိုက်သံ”
စစ်တပ်အာဏာသိမ်းတာကိုလက်မခံနိုင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးက တတ်နိုင်တဲ့ဘက်ကနေ ဆန္ဒဖော်ထုတ်ကြတယ်။ အစိုးရဝန်ထမ်းတယောက်ဖြစ်တဲ့ ကျွန်မက ကိုယ့်ခံယူချက်နဲ့ကိုယ် အာဏာရှင်ကိုတော်လှန်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
အိမ်ပိုင်မရှိတော့ အိမ်ငှားဘဝနဲ့ တစ်လရတဲ့ဝန်ထမ်းလစာလေးနဲ့ လောက်ငှအောင်နေခဲ့ရတယ်။ ကျွန်မတို့ ဝန်ထမ်းဘဝကို ပြန်ကြည့်ရင် လစာပုံမှန်ရတဲ့ အခြေအနေလေးပဲရှိခဲ့တာလေ။ မိသားစုအတွက် လုံလောက်တဲ့ အခြေအနေတခုတော့ မဟုတ်ခဲ့ဘူး။ အဲ့ဒီအတွက် ဖြစ်လာသမျှ ဒုက္ခတွေကိုရင်ဆိုင်ဖို့ သတ္တိမွေးခဲ့ပြီးတော့ CDM တယောက်ရဲ့ဘဝကိုစတင်ခဲ့တယ်။
CDM လုပ်ပြီး နောက်တော့ လစာမရတော့တဲ့အချိန်ကစပြီး “လမ်းဘေးမှာ ခုံလေးချပြီး ထမင်းလိပ် ရောင်းခဲ့တယ်”။ ကျွန်မလည်း အများနည်းတူ အာဏာရှင်ကို မကြိုက်ခဲ့တဲ့အတွက် စျေးရောင်းပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့တယ်။
အပြင်မှာစျေးရောင်းရတာ ပင်ပန်းတာပေါ့ ဒါပေမယ့်လေ “စားရတဲ့ထမင်းလုပ်တိုင်းမှာ စိတ်သန့်တယ်”။ ကျွန်မ စျေးရောင်းဖို့ဘာလို့ဆုံးဖြတ်ခဲ့တာလဲဆိုတော့ ကိုယ့်အနေနဲ့ တနေ့ရတဲ့ ဝင်ငွေ တနေ့သိရတယ်။“ တခါတလေ မရောင်းရလို့ ရှုံးသလို အရင်းလည်းပြုတ်ခဲ့ရတဲ့ နေ့တွေရှိတယ်”…….
စျေးရောင်းရင်းနဲ့ စကစ တွေက လက်နက်တွေနဲ့ လမ်းတွေထဲဝင်လာရင် “စျေးခုံကြီးကိုပစ်ပြီး ထွက်ပြေး ပုန်းခဲ့ရတယ်” ကိုယ်တိုင်ကလည်း CDM လုပ်ထားတော့ “ငါ့များလာဖမ်းတာလား” ဆိုတဲ့ စိတ်နဲ့ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်။
ကျွန်မတို့အဲ့အချိန်တုန်းက ညဘက်တွေဆိုရင် ကမ္ဘာပျက်မတတ်ပဲ။ ည ၁၂ နာရီရောက်ပြီးဆိုတာနဲ့ တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်အိမ်ဝင် တစ်အိမ်ထွက် CDM တွေကို လိုက်ဖမ်းတဲ့အချိန်လေ။ “စကစတွေ ဟိုလမ်းဝင်နေပြီ ဒီလမ်းကထွက်သွားပြီဆိုတဲ့ သတင်းတွေကိုပဲ အမြဲနားစွင့်နေရတယ်”။ ကိုယ့်အိမ်ထဲကိုယ်နေပေမယ့် ညတိုင်း လုံခြုံစိတ်ချစွာ အိပ်ခဲ့ရတဲ့ ညဆိုတာ တစ်ညမှမရှိခဲ့ဘူး။
“ငါ့အလှည့်ဘယ်တော့များရောက်မလဲ” ဆိုတဲ့စိတ်နဲ့ ညတိုင်းလိုလို သောကတွေနဲ့ အိပ်မပျော်ခဲ့ဘူး။ အဲ့ဒီနောက်ပိုင်း စိတ်ဒုက္ခတွေ၊ သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေနဲ့ ဆက်ပြီးရှင်သန်ခဲ့ရတာတော့အမှန်ပဲ။ နောက်ဆုံးမှာ ကျွန်မဒီဒဏ်တွေကိုမခံနိုင်တော့ဘူး။ အဲ့တော့ ဒီနေရာနဲ့ဝေးတဲ့နေရာတခုကိုသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲ့အတွက် ကျွန်မကို CDM လုပ်ခဲ့လို့ “နင် နောင်တရလားလို့မေးရင် လုံးဝနောင်တ မရခဲ့ဘူး”…..
အမှန်တိုင်းပြောရရင် ဒီလိုတခြားနေရာတခုကိုပြောင်းရွှေ့ဖို့အတွက်ဆိုရင် ကျွန်မတို့မိသားစု “ပိုက်ဆံ” လိုတယ်။ အဲ့အတွက် အိမ်မှာရှိတဲ့ TV၊ ရေခဲသေတ္တာ ပြီးတော့ ကျွန်မနားမှာဝတ်ထားတဲ့ နားကပ်ကအစ ရောင်းရတော့မယ့်အခြေအနေဖြစ်လာတယ်။ လက်ရှိနေရာကနေ ထွက်လာနိုင်ဖို့အတွက် ပစ္စည်းအားလုံးကို “မတန်တဆစျေး၊ တဝက်စျေးနဲ့ ရောင်းခဲ့ရတယ်”…..
ကျွန်မ CDM တယောက်အနေနဲ့ တစ်နှစ်ကျော်တဲ့အထိ ပြည်တွင်းမှာပဲ နေရာအတည်တကျမရှိ ထွက်ပြေးပုန်းရှောင်ရင်းနေနေခဲ့ရတယ်။ ကျွန်မတို့မိသားစု ရှောင်လာတဲ့နေရာမှာလဲ ရပ်ကွက်ထဲမှာ ဧည့်စာရင်းစစ်မယ်လို့ သတင်းကြားတာနဲ့တပြိုင်နက် “ရင်တွေ တဒိတ်ဒိတ်တုန်ပြီး မီးအမှောင်ချ သမီးလေးကိုချီပြီး ဖိနပ်တောင်မပါပဲ တခြားအိမ်ထဲအထိ ဝင်ပုန်းနေခဲ့ရတဲ့ ကျွန်မတို့အဖြစ်တွေကို” ကျွန်မတို့ကလွဲလို့ ဘယ်သူမှမသိခဲ့ဘူး။
စစ်တပ်ရဲ့ ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရဆိုတဲ့ အမိန့်အောက်မှာ ည ၁ နာရီ “ကျွန်မသမီးလေး အဖျားကြီးပြီး တက်နေတဲ့အချိန်” အိမ်ပတ်ဝန်းကျင်က တဦးတယောက်ကမှ ကားနဲ့ ဆေးရုံကို လိုက်မပို့ပေးရဲတဲ့ အခြေအနေမှာ “ကျွန်မအရူးတယောက်လိုပဲ သမီးလေးသာတခုခုဖြစ်သွားခဲ့ရင် ဆိုတဲ့စိတ်က ကမ္ဘာကြီးတခုလုံး ပြိုကျသွားသလိုပါပဲ”…..
ကျွန်မသမီးလေးကိုတောင် အရေးပေါ်ဆေးခန်းမပို့ပေးနိုင်တဲ့ အခြေအနေရှိနေတဲ့ဒီတိုင်းပြည်မှာ ကျွန်မ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ဘူး။ ဘယ်မှာလဲ “လူ့အခွင့်အရေး”၊ ဘယ်မှာလဲ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ၊ “ဆေးကုသခွင့်” ၊ “ကလေးသူငယ်အခွင့်အရေး” ဘာဆို ဘာတခုမှ တောင့်တလို့ မရတော့တဲ့ဘဝတွေဖြစ်နေပြီး။ အဲ့တော့ ကျွန်မ မိခင်တယောက်အနေနဲ့ ကျွန်မသမီးလေးအတွက် ဘာဖြစ်ဖြစ် ဒီနိုင်ငံကနေ ထွက်ဖို့ဆုံးဖြတ်ခဲ့တယ်။
ဒီလိုနဲ့ အားလုံးကခေါ်ကြတဲ့ လွတ်မြောက်နယ်မြေ အဲ့ဒီ့ကိုသွားနိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ကမှတဆင့် ကံကောင်းစွာနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို သွားဖို့ကူညီချိတ်ဆက်ပေးတဲ့သူတွေပေါ်လာခဲ့တယ်။ ညကြီးအချိန်မတော် သောင်ရင်းမြစ်ကို ကျွန်မတို့ဖြတ်ကူးတဲ့အချိန်မှာ “ ရေက ကျွန်မခါးလောက်ရှိတယ်။ ဖြတ်နေရင်း မီးနဲ့လှမ်းထိုးတဲ့ အလင်းတန်းတခုကိုတွေ့တော့ ခြုံထဲကို ဝပ်ချပြီးပုံးခဲ့ရတယ်”……..
ပထမသောင်ရင်းမြစ်ကိုမဖြတ်ခင်က စိတ်ထဲမှာ “ငါတို့ဘဝတွေ ဖြစ်လာသမျှ ရင်ဆိုင်မယ်ဆိုတဲ့ စိတ်နဲ့ ဖြတ်ကူးခဲ့တာပဲ” ဒါပေမယ့် တကယ်ရင်ဆိုင်ဖြတ်ကူးရတဲ့အခါမှာတော့ သွေးမရှိလောက်အောင် ကြောက်စိတ်ဝင်ပြီး သမီးလေးကိုပဲဖတ်ထားမိတယ်။ ပါးစပ်ကလည်း ရတဲ့ဘုရားစာ အကုန်ရွတ်ပြီး ဖြတ်ခဲ့ရတဲ့ အချိန်တခုပေါ့နော်။
အဲ့ဒီအချိန်တုန်းက ကျွန်မသမီးလေးက ငယ်ငယ်လေးလေးမို့ သူ့အနေနဲ့ သောင်ရင်းမြစ်ကို ညအချိန်မတော် မှောင်မှောင်မဲမဲ ရေထဲကနေဖြတ်ကူးခဲ့ရတော့ ကလေးရဲ့ ကြောက်စိတ် နောက်ပြီးတော့ ကလေးမှာ စိတ်ဒဏ်ရာရသွားတာကို ကျွန်မခံစားလိုက်ရတယ်။ “ဘဝမှာလည်း ဒီလိုသူများနိုင်ငံထဲကို တရားမဝင်ခိုးဝင်ရလိမ့်မယ်လို့လည်းတခါမှတွေးမထားခဲ့မိဘူး” ဒါတွေအပြင်ကို သမီးလေးက အရွယ်နဲ့မလိုက်အောင် ပင်ပန်းခဲ့ရတဲ့အတွက် မိခင်တယောက်အနေနဲ့ ကျွန်မ တွေးမိတိုင်း ဝမ်းနည်း ခံစားနေရတုန်းပါ။
ကံကောင်းထောက်မစွာနဲ့ ကျွန်မတို့ထိုင်းဘက်ခြမ်းကိုရောက်ပြီ။ Highway လမ်းမပေါ်က မီးတွေထိန်ထိန်လင်းတဲ့ အောက်ကိုရောက်တော့ “ငါတို့ အသက်တော့ရှင်ပြီဆိုတဲ့စိတ်နဲ့ လေကိုအဝရှုလိုက်ရင်း နောက်ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတဲ့ ပူပန်စိတ်လေးကတော့ ရှိနေတုန်းပဲ”……..
ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်စတုန်းကဆိုရင် ညဘက်ဆိုင်ကယ်သံ၊ ကားသံတွေကြားရင် လန့်ပြီး အိပ်မရခဲ့ဘူး။ ဒီဘက်ရောက်တော့ ရင်ဘတ်ချင်း ခံယူချက်တူတဲ့သူတွေရဲ့ ကူညီမှုတွေကို ကြုံတွေ့ရတဲ့အခါ ပြည်တွင်းမှာထက်စာရင် လုံခြုံတယ်လို့ခံစားရပေမယ့် ကိုယ်ကသူများနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ပြီးတော့ အထောက်အထားမရှိနေနေရတဲ့အတွက် “အပြစ်သား” ဆိုတဲ့စိတ်က ကျွန်မကို အခုချိန်ထိနှိပ်စက်နေခဲ့တယ်။
ကိုယ်တိုင်ကလည်းသူများနိုင်ငံထဲ တရားမဝင် ဝင်လာတော့ ထိုင်းရဲကိုမြင်ရင် ကြောက်ပြီး လက်တွေတောင်တုန်တဲ့အထိဖြစ်ခဲ့ရတယ်။ ကျွန်မတို့မိသားစု ထိုင်းရဲဖမ်းခံထိပြီး ရဲစခန်းကို ခေါ်သွားခံရတုန်းကဆိုရင် “ထိုင်ပြီး ငိုချခဲ့ဖူးတယ်။ ငါတို့ဘဝတွေက အပြစ်သားတွေလား။ ငါတို့ဘာတွေများကျူးလွန်ခဲ့လို့ ဒီလိုတွေဖြစ်နေတာလဲပေါ့” တခါတခါ အဖြေကရှိနေရဲ့သားနဲ့ အဖြေကိုလက်မခံနိုင်ပဲ ဒီလိုမေးခွန်းတွေပဲ ထပ်တလဲလဲ မေးနေမိတယ်။
ကျွန်မတို့ဟာ အနာဂတ်ပျောက်၊ လမ်းပျောက်ပြီး ထွက်ပေါက်မရှိပဲ ဘယ်အသက်အရွယ်ထိများ တရားမဝင်တဲ့ လူတွေအဖြစ် ပိတ်မိနေတော့မှာလဲဆိုပြီး တွေးရင်းတွေးရင်းနဲ့ ငိုခဲ့ရတဲ့ ရက်ပေါင်းတွေလည်းများခဲ့ပြီ။ အကယ်၍ “ မအလ သာ အာဏာမသိမ်းခဲ့ရင် ငါတို့အခုဆို ဘာတွေလုပ်နေပြီး၊ သမီးလေးကို ဘယ်မူကြိုမှာ ကျောင်းထားနေလောက်ပြီး၊ ငါတို့အရစ်ကျစနစ်နဲ့ Food Truck လေးဝယ်နိုင်ပြီး၊ အခုလောက်ဆို ဝန်ထမ်းအိမ်ယာ လျှောက်ထားပြီး အိမ်ငှားဘဝလေးကနေ လွတ်နေလောက်ပြီး” စသဖြင့်ပေါ့ စိတ်ကူးထားတဲ့ အနာဂတ်လေးတွေ ဖြစ်မလာတော့ ကြေကွဲဝမ်းနည်းရုံမှတပါး အခြားမရှိခဲ့ဘူး။
အာဏာရူးတစ်စုကြောင့် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတဲ့ ကလေးတွေ၊ ပျက်စီးသွားတဲ့ ဘဝတွေ၊ အနာဂတ်တွေကို ရင်နှင့်အမျှနှမျောမိတယ်။ ကျွန်မတို့ဆိုရင်လည်း သမီးလေးကို သူ့အဖိုးအဖွားကအရမ်းချစ်တာ။ ခုဆိုသူတို့မြေးလေးနဲ့မတွေ့ရတာ နှစ်နဲ့ချီနေပြီး။ ကျွန်မတို့ဆုံးရှုံးခဲ့ရတဲ့ အရာတွေထဲမှာ “မိသားစုနွေးထွေးမှု ချစ်ခြင်းမေတ္တာတွေ” ပါတယ် ဒါတွေဟာ ဘာနဲ့မှ အစားထိုးလို့ မရတာတွေလေ။
ကျွန်မခံစားနေရတဲ့ ကျွန်မရဲ့ပူလောင်မှုတွေဟာ တိုင်းပြည်အတွက် အသက်ပေးသွားရတဲ့ ပြည်သူ့ သူရဲကောင်း ရဲဘော်တွေနဲ့ယှဥ်ရင် ဒါဟာ အသေးအမွှားလေးမို့ ကျွန်မခံနိုင်ရည်ရှိပါသေးတယ်။ တော်လှန်ရေးကာလမှာ ကျွန်မထက်ဆိုးတဲ့ အခြေအနေတွေကိုရင်ဆိုင်နေရတဲ့ သူတွေအများကြီး ရှိနေတယ်။ တချို့ဆိုရင် မိသားစုလိုက် မရှိကြတော့ဘူ၊ တချို့တွေက ထမင်းဝိုင်းမှာ လူမစုံတော့ဘူး ၊ တချို့တွေဆိုရင် ပြန်စရာအိမ်တောင် မရှိကြတော့တဲ့ အဖြစ်တွေဖြစ်ခဲ့ရတယ်။
ခုချိန်မှာ ဘဝရည်မှန်းချက်ထက် ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ်က ပိုပြီးအရေးကြီးပါတယ်။ ကျွန်မ သူများနိုင်ငံထဲမှာ တရားမဝင နေနေသ၍ ကျွန်မလောဘမရှိဘူး။ ရည်မှန်းချက်ကို ခဏသိမ်းထားဦးမယ်။ တရက်ပြီးတရက်ကိုပဲ စားဝတ်နေရေးပြေလည်အောင် ဖြေရှင်းနေရတာဟာ ကျွန်မတို့အတွက် စိန်ခေါ်မှုတခုဖြစ်တယ်။ အခုလက်ရှိ ကျွန်မတို့မှာ အလုပ်လုပ်ကိုင်ခွင့်မရှိတာအဲ့အတွက် “မိသားစုနေဖို့၊ စားဖို့၊ အသက်ရှင်ဖို့နဲ့ ထိုင်းရဲအဖမ်းမခံရဖို့” သာလျှင် ကျွန်မရဲ့ ဘဝရည်မှန်းချက်ပါ။
ဘယ်လိုပဲ ကျွန်မရဲ့နေ့ရက်တိုင်းကို ခက်ခဲပင်ပန်းစွာနဲ့ ရင်ဆိုင်ဖြတ်သန်းနေရပါစေ ကျွန်မဟာ CDM ဘက်မှာ အဆုံးထိဆက်လက်ရပ်တည်ပြီးတော့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်သွားဦးမှာပါ။
စစ်အာဏာရှင်ကြောင့် ကျောင်းနေရမယ့်အရွယ်လူငယ်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ပညာတတ်လူငယ်တွေဟာ အသက်ကိုပဓာနမထားပဲ တိုင်းပြည်အနာဂတ်အတွက် စိတ်အား ထက်သန်စွာနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတယ်။ အဲ့အတွက်လည်း အားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီပေးဖို့ ကျွန်မ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်။