ဇဟာရွာမှာ စစ်ကောင်စီတပ်စစ်ကား ပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါအဝင် သုံးဦးသေဆုံး၊ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ကပစ်သတ်

ဇူလိုင်လ ၁၃ ရက်၊၂၀၂၃ ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေး-ထားဝယ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ကားတစ်စီး စောင့်ဆိုင်းပစ်ခတ်ခံရတာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ အရာခံဗိုလ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်တယ်လို့ Dawei Guerrilla Revolutionary Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ ဇဟာရွာအခြေစိုက် အမတ ၃၀၂ တပ်ရင်းကနေ ကျောင်းကြိုရန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကားကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ကားမောင်းတဲ့သူကို ထိမှန်ခဲ့တာကြောင့် မြောင်းထဲထိုးကျသွားခဲ့တယ်လို့ Dawei Guerrilla Revolutionary Force ရဲ့ ပြန်ကြားရေးတာဝန်ခံက အခုလို ပြောပါတယ်။

“အဲ့တာက ဇဟာရွာအခြေစိုက် အမတ ၃၀၂ က ကျောင်းသွားကြိုဖို့ထွက်လာတဲ့ကားဗျ။ သူတို့က သပြေချောင်းမှာ ကျောင်းသွားကြိုတာ။ အဲ့အချိန်ဆို ပုံမှန်သွားတာ။ သွားကြိုဖို့ထွက်လာတဲ့အချိန်၊ ကလေးတွေမပါတဲ့အချိန်ပစ်တာဆိုတော့ ကလေးတွေတော့ ထိခိုက်မှုမရှိဘူး” လို့ သူကပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ကားမှာပါလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကို ယူဖို့ကြိုးစားပေမယ့် ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက အမတ ၃၀၂ တပ်ရင်းနဲ့ နီးတာကြောင့် စစ်ကောင်စီတပ်ဘက်က ချက်ချင်းစစ်ကူလာခဲ့ကာ အမြန်ဆုတ်ခွာခဲ့ရတယ်လို့ Dawei Guerrilla Revolutionary Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“၃၀၂ တပ်ရင်းနဲ့ ကျနော်တို့ပစ်တဲ့နေရာနဲ့က တော်တော်ကိုနီးတာ။ လမ်းလျှောက်ပြီးလာမယ်ဆိုရင် ၃ မိနစ်လောက်နဲ့ ရောက်လာနိုင်တယ်။ ပြီးတော့ ကျနော်တို့ပစ်တဲ့နေရာနဲ့ တပ်ရင်းအနောက်မှာ အမြောက်ထိုင်ထားတာနဲ့လည်းနီးတယ်။ ကျနော်တို့မဆုတ်ခင်ကတည်းက စစ်သားတွေက တပ်ထဲကနေ လယ်ကွင်းတလျှောက်ပစ်ပစ်ပြီးဆင်းလာတာ” လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် ကျော်ကျော်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုမှုခံယူ နေရတယ်လို့ Dawei Guerrilla Revolutionary Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ပစ်ခတ်မှုအပြီး အမတ ၃၀၂ က စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး အနီးမှာရှိတဲ့ ထန်းရည်ဆိုင်တစ်ဆိုင် မီးရှို့ဖျက်ဆီးခံရပြီး လူငယ်အရွယ် အရပ်သားနှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ သိရပေမယ့် ပစ်သတ်ခံရတဲ့လူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ထားဝယ်ပြောက်ကျားအဖွဲ့ရဲ့ တာဝန်ရှိသူက “ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးရာမှာနေရန်၊ တိုက်ပွဲတွေက အချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေဂရုစိုက်ပြီး နေရန်တောင်းဆိုချင်ပါတယ်။ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာတိုင်းကို ဝင်တိုက်ရင် ပစ်ခတ်မှုတွေရှိနိုင်တာကြောင့် သတိသွားလာကြကြပါရန် တောင်းဆိုချင်ပါတယ်” လို့ သူကဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လကလည်း ဇဟာရွာအခြေစိုက် အမတ ၃၀၂ တပ်ရင်းက လမ်းသွားလမ်းလာ ပြည်သူတွေမှာ ငွေကြေးတောင်းခံလေ့ရှိတဲ့ ဗိုလ်ကြီးမျိုးလင်းဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်မှာလည်း ဇဟာရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မွှေနောက်တာနဲ့ ရွာသား၅ဦးထက်မနည်းကို ဖမ်းဆီးတာ၊ ရိုက်နှက်နှိပ်စက်တာတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

[videopress xAiRP1t8]

သတင်း – နော်အယ်နီး

ရုပ်သံ – Dawei Guerrilla Revolutionary Force

Phar Si Than (People’s Radio Myanmar)