သံတောင်ကြီးမြို့အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရ

ဇူလိုင်လ ၁၂ရက် ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂ထောင်ကျော်နေရပ်စွန့်ခွာထွက်​ပြေးခဲ့ရတယ်လို့ သိရပါတယ်။

သံတောင်ကြီးမြို့နယ် တောင်ငူ- လိပ်သိုလ်-လှိုင်ကော်လမ်း ကရင်-ရှမ်း-ကယားအစပ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြားဇူလိုင်လ ၁၁ရက်နေ့မနက်၅က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁နာရီနောက်ပိုင်းမှာ တောင်ငူလေတပ်က လေယာဥ်နဲ့ ၃ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်တာကြောင့် ယာဒို၊ကလေထ၊ ဝါသောခို၊ ပရယ်စိုး စတဲ့ကျေးရွာ ၄ ရွာမှာရှိတဲ့ အိမ်ခြေ ၄၄၅လုံးက ဒေသခံ ၂၂၅၀ ဦး စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

” နေ့လည် ၁၁နာရီအထိကြာပါတယ်၊ နှစ်ဖက်စလုံးအပြန်အလှန် လက်နက်ကြီးများပစ်ခတ်ကြပါတယ်၊ စစ်တပ်ကတောင်ငူလေတပ်ထဲကနေ Mi 29 (၃)စီးနဲ့ နေ့လည် ၁နာရီနောက်ပိုင်း (၃)ကြိမ်လာပစ်ခတ်သွားပါတယ်၊ ခုလက်ရှိစစ်ရှောင်တေံက တောတောင်ထဲမှာပါ၊” လို့ သံတောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၆လုံး ကြေမွပျက်စီးသွားပြီး နေအိမ် ၃ လုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ဟာ မိုးရာသီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ အဓိကလိုအပ်နေတယ်လို့ သိရပါတယ်။

” ဘာလိုအပ်လဲဆိုရင် အခြေနေအရ စားနပ်ရိက္ခာနဲ့ မိုးကာတွေလိုအပ်ပါတယ်၊ ပြီးရင် ကရင်နီဘက်ကစစ်ရှောင်လာတာ အိမ်ခြေ ၇၀ ရှိတယ်၊ စစ်ရှောင်ဦးရေက ၄၀၀၊ ” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲမကြာခနဖြစ်ပွားလေ့ရှိပြီး ၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်းကစပြီး သံတောင်ကြီးမှာ စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်လိုက်တာကြောင့် စစ်ဘေးရှောင်တွေမှာ ပိုမိုကြပ်တည်းလာတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်ထဲမှာ ဇန်နဝါရီလ၁ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ၆လတာကာလအတွင်း တိုက်ပွဲပေါင်း ၂၄၉၅ ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဦးရေ ၅၉၉၄၀၀ ဦးအထိရှိလာကာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအမိုးအကာ မလုံလောက်မှုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကေအဲန်ယူ-ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Cj

Phar Si Than(People’s Radio Myanmar)