
ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားက စစ်ကောင်စီတပ်ရဲ့ သံတံတားစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ Kyaikhto Revolution Force (KRF) မှသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်အင်အား ၂၀ ဝန်းကျင်ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို စစ်ဆင်ရေးအဖြစ်သတ်မှတ်ကာ ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ ထိခိုက်ပျက်စီးမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ Kyaikhto Revolution Force (KRF) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“အထိုင်ချနေတာ ၂ နှစ်ကျော်ပါပြီ၊ သူတို့က အဓိက တံတားလုံခြုံရေးပါ တစ်ခါတစ်ရံ စစ်ဆေးတာတွေတော့ရှိတယ် အခုဂိတ် အခြေအနေကတော့ မသိသေးပါဘူး” လို့သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ မြို့တွင်းမြို့ပြင်ဘက်တွေမှာလည်း ကား၊ ဆိုင်ကယ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဘီးလင်းမြို့ဒေသခံတစ်ဦးကပြောပါတယ်။
“ပစ်ခံရတာ ပေါက်ကွဲသံကြားတယ်လေ၊ ပစ်ခတ်မှုပြီးတော့ မြို့တွင်းမြို့ပြင်တွေမှာ စစ်ဆေးရေးတွေ လုပ်တယ်၊ ဆိုင်ကယ်တွေတားစစ်တယ်၊ ကားတွေတားစစ်တယ်၊ ဆိုင်ကယ်ဆို ဘောက်တွေဖွင့်တာ” လို့ သူကပြောပါတယ်
သံတံတားစစ်ဆေးရေးဂိတ်စခန်းကို KRF၊ KNLA၊ PDF၊ ကျိုက်ထို (ပ.က.ဖ) အပြင် ပူးပေါင်း တပ်ဖွဲ့ဝင်တချို့ သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၂၉ ရက်နေ့ကလည်း သထုံမြို့နဲ့ ဘီးလင်းမြို့ကိုဆက်သွယ်ထားတဲ့ ကျုံးအိတ်တံတားကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ မိုင်းခွဲဖျက်ဆီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်းထမ်းတွေ တံတားပြင်ဆင်ဖို့လာရောက်ကြည့်ရှူချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)