
ကျွန်မက Glory ပါ ။ အာဏာမသိမ်းခင်ကတော့ ပုဂ္ဂလိကချေးငွေကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက် ပေါ့နော်။ နောက်ပိုင်းမှာကိုယ်ပိုင်အလုပ်လေးလုပ်ချင်တော့ ၂၀၂၀ ဒီဇင်ဘာမှာ ကုမ္ပဏီကထွက်ပြီးတော့ ကျွန်မ အလှပြုပြင်ရေးသင်တန်းလေးတက်ခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၂၁ ၊ ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာ အရပ်သားအစိုးရရဲ့ အာဏာအရပ်ရပ်ကို စစ်အုပ်စုက လက်နက်အားကိုး နဲ့ အာဏာသိမ်းယူခဲ့တာကို ကြုံခဲ့ရတယ်။ ဒီဖြစ်ရပ်က အရင်တုန်းက ကြားသာကြားဖူးတာ အခုတော့ ကျွန်မ လက်တွေ့ကြုံခဲ့ရပြီလေ။
အာဏာသိမ်းတာကိုလက်မခံနိုင်တော့ ကိုယ်နေထိုင်တဲ့မြို့လေးမှာ မတရားမှုကိုလက်မခံကြောင်း ကျွန်မ ဆန္ဒဖော်ထုတ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့အမဖြစ်တဲ့သူက ကော်သူးလေမှာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်ပေါ့။ နောင်တချိန်မှာ ကျွန်မတို့ မိသားစုရဲ့လုံခြုံရေးကို တွေးပြီး စိုးရိမ်လာတော့ အိမ်လေးကို အဒေါ်ဖြစ်သူကိုပေးခဲ့ပြီး မိသားစုလိုက် ကျွန်မတို့နေထိုင်တဲ့ မြို့လေးကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။
ကရင်ပြည်နယ်၊ လေးကေ့ကော်ကိုရောက်တော့ ကျွန်မ တတ်တဲ့ပညာရပ်လေးနဲ့ လုပ်ကိုင်စားသောက်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေစုပြီးတော့ ဆံပင်အလှပြင်လုပ်ငန်းလေးကို စတင်လုပ်ဖြစ်ခဲ့တယ်။ ၂၀၂၁ ၊ မေလ လကုန်ပိုင်းလောက်မှာ အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ချင်လို့ဆိုပြီး ကျွန်မတို့ မိသားစုကို ဆက်သွယ်လာကြတယ်။ ကျွန်မတို့နေခဲ့တဲ့ မြို့နယ်ကလူတွေနဲ့ အခြားမြို့နယ်က လူတွေကပါ ဆက်သွယ်လာပြီးတော့ စစ်သင်တန်းတက်ချင်လို့ပါဆိုပြီး ကျွန်မတို့ကိုအကူအညီတောင်း လာကြတယ်။
ကျွန်မကိုယ်တိုင်ကလည်း မတရားမှုကိုလက်မခံနိုင်တဲ့ စိတ်ကလေးကလည်းအရင်းခံရှိနေတော့ အကူအညီတောင်းတဲ့သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီလိုနဲ့ စစ်သင်တန်းလာတက်တဲ့သူတွေကို ကျွန်မတို့အိမ်မှာပဲ တည်းခိုင်းပြီးတော့ ကျွန်မရတဲ့ လုပ်အားခထဲ ကနေစိုက်ပြီး ကျွေးမွေးခဲ့သေးတယ်။
ဒီလိုနဲ့လေးကေ့ကော်မှာနေရင်း ဆရာမတယောက်က ကျွန်မကို အကူအညီလာတောင်းတယ် Sunday School လေးအတွက်ပေါ့နော်။ အသင်းတော်မဖြစ်သေးတဲ့ တပည့်တော်စုတစ်ခုမှာ ကလေးတွေကို တနင်္ဂနွေနေ့တိုင်းမှာ ကျမ်းပိုဒ်နဲ့ သီချင်းတွေကို သင်ပေးရင်း ကျွန်မရဲ့ ဘဝလေးကို ဖြတ်သန်းခဲ့ပါတယ်။
ကျွန်မတို့ ၂၀၂၁ ၊ ဒီဇင်ဘာ (၁၅) ရက်နေ့ လေးကေ့ကော်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ကျွန်မတို့ကို KNU စစ်သားတွေက အခြေအနေမကောင်းကြောင်းနဲ့ နေရာပြောင်းရွှေ့ဖို့၊ အရေးကြီး စာရွက်စာတမ်းတွေ၊ ဆေးပုံးနဲ့ အခြားလိုအပ်နိုင်မယ့်အရာတွေကို စုစည်းခိုင်းခဲ့ပါတယ်။
ကိုယ်တိုင်ကလည်း ဒီလောက်အခြေအနေအထိ ဖြစ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးမရှိခဲ့တာကြောင့် စတင် တိမ်းရှောင်ချိန်မှာ အနွေးထည်တစ်ထည်နဲ့ အဝတ်သုံးစုံလောက်ပဲ သယ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ အကုန်လုံးက လွတ်နိုင်မယ့်နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။
ကျွန်မတို့မိသားစု တောထဲတနေရာက ကရင်ရဲစခန်းကို တိမ်းရှောင်ဖို့အတွက်ကို တစ်နေ့ထဲသွားဖို့ လမ်းခရီးအခက်အခဲရှိတော့ အနီးအနားမှာရှိတဲ့ ရွာတစ်ရွာက မိတ်ဆွေတယောက်ရဲ့ အိမ်အောက်ခန်းက ကြက်တွေထားတဲ့နေရာမှာ ကြက်တွေနဲ့အတူ လက်နက်ကြီးသံတွေကြားရင်း တစ်ညအိပ်ခဲ့ရတယ်။ နောက်တနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရဲစခန်းဘက်ကို အသိတယောက်ရဲ့ ကားနဲ့ ကျွန်မတို့ မိသားစု စစ်ရှောင်ဖို့ ရောက်လာခဲ့ပါတယ်။
ဒီလိုနဲ့ ရဲစခန်းကိုရောက်တော့ ကိုယ်နိုင်ရာကူမယ်ဆိုပြီးတော့ ကိုယ့်လိုထွက်ပြေးလာရတဲ့ ဒေသခံတွေ အတွက်၊ ရဲဘော်တွေအတွက်ဆိုပြီး ရိက္ခာတွေရသလောက် စုဆောင်းပေးခဲ့တယ်။ ရှေ့တန်းက ရဲဘော်တွေအတွက် ထမင်းဟင်းချက်ပြီး နေ့တိုင်းဌက်ပျောဖက်နဲ့ ထုတ်ပေးခဲ့တယ်။ ဟင်းစားမရှိတဲ့နေ့တွေဆို ငံပြာရည်ချက်နဲ့ တောထဲတွေ့တဲ့ သ ဘောသီးလေးတွေပြုပ်ပီး ထမင်းထုတ်တွေ ထုတ်ပေးခဲ့ဖြစ်ပါတယ်။
ကျွန်မတို့ ရဲစခန်းမှာနေနေရင်းနဲ့ပဲ တိုက်ပွဲကတဖြေးဖြးပြင်းထန်းလာခဲ့တယ်။ တိုက်ပွဲအတွင်းမှာ သူငယ်ချင်း ရဲဘော်တယောက်စပြီး ကျဆုံးခဲ့တာကို စိတ်မကောင်းစွာနဲ့ပဲကြားခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်မတို့လို သာမန်အရပ်သား ပြည်သူတွေအနေနဲ့ ရဲစခန်းမှာနေထိုင်ဖို့က တစ်ဆထက်တစ်ဆ ပိုပြီးခက်ခဲလာခဲ့တယ်။ ခရစ်စမတ်ရောက်ရင် လုပ်ဖို့ပြင်ဆင်ထားတဲ့အရာတွေလည်း ပျက်စီးရုံတင်မကပဲ ၂၄ ရက်နေ့ ခရစ်တော်မွေးနေ့ကို စောင့်ရမယ့်နေ့မှာပဲ တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံဆိုးကြီး တစ်ခုနဲ့ ကျွန်မတို့မိသားစု ရင်ဆိုင်ခဲ့ရတယ်။
စခန်းမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို နောက်ထပ် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးဖို့ စီစဥ်ကြတယ်။ မမေ့နိုင်စရာနေ့ (၂၄) ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ ကားနှစ်စီးနဲ့ စခန်းကထွက်ခွာခဲ့ကြတယ်။ ပထမတစ်စီးက အရင်ထွက်သွားနှင့်ပြီး ကျွန်မတို့ကားက နောက်ကလိုက်ခဲ့တယ်။ ကျွန်မတို့ စခန်းကစထွက်ပြီး ဆယ်မိနစ်လောက်မှာ လေယာဥ်သံကို စကြားလာရတယ်။ ကျွန်မစိတ်ထဲမှာတော့ စိုးရိမ်ထိတ်လန့်သွားပေမယ့် ဪ ကင်းထောက်လာတဲ့ လေယာဥ်ဖြစ်မှာပါဆိုပြီး စိတ်ကိုဖြေပြီးတွေးခဲ့တယ်။
ဒါပေမယ့် ကျွန်မထင်သလိုမဖြစ်ခဲ့ဘူး။ လေယာဥ်က ကျွန်မတို့ကားနားကို တောက်လျှောက် လိုက်လာပြီးတော့ ပေါင် ၅၀၀ အလုံးကြီးနှစ်လုံး ဆက်တိုက်ဆိုသလို ပစ်ချတာကိုမြင်လိုက်ရတယ်။ ကျွန်မ မျက်စိခဲပြာဝေပြီးတော့ ချက်ချင်းမိုးချုပ်သွားသလိုခံစားလိုက်ရတယ်။ ကျွန်မမျက်လုံးကို စုံမှိတ်ထားလိုက်မိတယ် ။
ကျွန်မတို့စီးလာတဲ့ ကားလေးထဲမှာ ကားခေါင်းခန်းမှာက ကျွန်မအမေနဲ့ ကျွန်မတူလေး ကားနောက်ခန်းမှာက ကျွန်မရယ်၊ ကလေးမလေးတယောက်ရယ်၊ ကျွန်မနဲ့ရွယ်တူ ကောင်မလေး တယောက်နဲ့ အဒေါ်ကြီး နှစ်ယောက်ပါတယ်။ ကျွန်မနဲ့သိတဲ့အဒေါ်ကြီးတယောက်က ကျွန်မကို ကာပြီး သူ့ရင်ဘတ်နဲ့အုပ်ထားတယ်။ ကျွန်မစိတ်ထဲတွေးမိလိုက်တယ် “သေမယ်ဆိုရင်တောင် တခါထဲ တန်းသေသွားတာမျိုးပဲဖြစ်ပါစေ။ အနိဌာရုံတွေ မမြင်ရပါစေနဲ့လို့ပဲ” ဆုတောင်းနိုင်ခဲ့တယ်။
ဒါပေမယ့် ဘုရားသခင်ရဲ့ ကာကွယ်မှုကြောင့် ကျွန်မတို့ကားက ကုန်းပေါ်ကိုအရှိန်နဲ့ မောင်တက်နေတဲ့အချိန်ဆိုတော့ ကြဲချတဲ့ဗုံးနဲ့ ကျမတို့လွဲပြီး အသက်ဘေးကလွတ်သွားတယ်။ ကားနောက်ကိုလှမ်းကြည့်ချိန်မှာ ဖုန်တွေနဲ့ မီးခိုးလုံးတွေက တလှိမ့်လှိမ့်နဲ့ တက်လာတယ်။ ကိုယ်အသက်ဘေးကလွတ်ပေမယ့်လည်း ကျန်ခဲ့တဲ့စခန်းနေရာများ ဖြစ်မလားဆိုတဲ့အတွေးနဲ့ မျက်ရည်တွေအလိုလိုစီးကျလာခဲ့တယ်။
လေးကေ့ကော်တိုက်ပွဲအတွင်းမှာ ကျွန်မတို့ကားကို ဗုံးကြဲတဲ့တိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ရဲ့ ပထမဆုံးအကြိမ် လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းဝင်ရောက်ဖို့ ထိုင်းစစ်သားတွေမရှိတဲ့အချိန် ချောင်းကိုဖြတ်ပြီး အသိတယောက်ရဲ့ ကြက်ခြံထဲမှာ ခိုလှုံကာ ချမ်းအေးတဲ့ဆောင်းညကို အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ ရှည်လွန်းလှတဲ့ညတာကို ဖြတ်သန်းခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ထိုင်းဘက်ခြမ်းက ဘုန်းကြီးကျောင်းတကျောင်းမှာ စစ်ရှောင်ရင်း အဲ့ကျောင်းက ကလေးတွေကိုစာသင်ပေးကာ ကျွန်မဘဝလေးကို အစကနေ ပြန်စခဲ့ပါတယ်။
ကျွန်မတို့လေ အမှန်တိုင်းပြောရရင် စစ်ပွဲတွေကိုမလိုလားဘူး။ ဘယ်သူကမှလည်း စစ်ပွဲတွေကို နှစ်မျို့မယ်မထင်ဘူး။ စစ်ပွဲတွေဖြစ်လာရင် သေကြေပျက်စီးဆုံးရှုံးရမယ်ဆိုတာ လူမှန်ရင်သိပါတယ်။ သိပေမယ့်လည်းပဲ မဖြစ်မနေ ဒီလမ်းစဥ်ကိုလိုက်နေကြတဲ့သူတွေကိုလည်း အပြစ်မတင်ပါဘူး။ “ရေနဲ့ပက်ရင်တောင် ရေစိုကြသေးတာပဲ သေတတ်တဲ့ကျည်ဆံနဲ့ပစ်ရင် သေမယ်ဆိုတာသိပ်သိတာပေါ့။ သိနေပေမယ့် တိုင်းပြည်အနာဂါတ်အတွက် စတေးသင့်တာတော့ စတေးရမှာပါပဲ”။
အခုမှသာ စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုတွေကို ပြည်မက မျက်ဝါးထင်ထင်မြင်လာရတာပါ။ ကျွန်မတို့ တိုင်းရင်းသားတွေအတွက်ကတော့ အရင်ထဲက ဗမာစစ်တပ်ဆိုရင် အသွေးထဲအသားထဲကနေမုန်းနေတဲ့ အထိ စစ်တပ်ရဲ့ယုတ်မာမှုတွေကရှိနေတာမို့ “ကျူပင်ခုတ် ကျူငုတ်မကျန် အာဏာရှင်အမြစ်ပြတ်အောင် တိုက်ထုတ်စေချင်တယ်” လို့ သာမန်အရပ်သားပြည်သူ တယောက်အနေနဲ့ တောင်းဆိုပါရစေ။
ကျွန်မအတွက်တော့ ဘဝမှာ မထင်ထားဖူး မတွေးထားဖူးတဲ့ အရာတွေဖြစ်လာပြီးပြီ ကြုံလာပြီးပြီဆိုတော့ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်လဲဆိုတာတောင် မသိတော့အောင် လမ်းတွေ ပျောက်ရပါတယ်။ ဒါပေမယ့်လည်း ဖြစ်လာသမျှကိုသာ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝရှင်သန်ရေးအတွက် ကျွန်မဆက်ပြီး ကြိုးစားရုန်းကန်သွားဦးမှာပါ။