မြဝတီမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံစစ်ဘေးရှောင်တွေမှာ စားသောက်နေထိုင်သွားလာရေး အခက်အခဲဖြစ်နေ

ဧပြီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာမှာ  စစ်ကောင်စီတပ်တွေက မြဝတီမြို့ထဲမှာ လမ်းတွေကိုပိတ်ထားတာကြောင့် မြဝတီမြို့ဒေသခံတွေ  သွားလာရေးအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ  စစ်ကောင်စီတပ်က မြဝတီမြို့ ရဲစခန်းအနီးတစ်ဝိုက်က ဦးအောင်ဇေယျလမ်းနဲ့ ဗိုလ်ချုပ်လမ်းတွေအပြင် ဘုရင့်နောင်လမ်းမကြီးက ဌာနဆိုင်ရာရုံးသွားတဲ့လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေမှာ သွားလာရခက်ခဲနေပြီး  မြို့ထဲမှာလည်း လူသွားလူလာနည်းနေတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“မြဝတီတမြို့ထဲမှာ ဘယ်လိုတွေဖြစ်နေလဲဆိုတော့ ဌာနဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေရှေ့မှာ နောက်ရဲစခန်းတွေရှေ့မှာ လမ်းတွေပိတ်ထားတာပေါ့၊ မြို့ထဲမှာ သွားရလာရတာအရမ်းခက်ခဲတာပေါ့၊ ဝင်္ကပါလိုပတ်နေရတာပေါ့၊ ဟိုဘက်က ပတ်သွားလိုက်၊ ဒီဘက်ကပတ်သွားလိုက်ဆိုတော့၊ မြို့ထဲမှာကတော့ အရင်ကထက်စာလို့ရှိရင် အသွားအလာနည်းနည်းပါးတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ရဲစခန်းအနီးတစ်ဝိုက်မှာရှိတဲ့လမ်းကိုပိတ်ထားတာကြောင့် ရဲစခန်းနားမှာရှိတဲ့ မြဝတီပြည်သူ့ဆေးရုံကြီးကိုလည်း သွားရတာခက်ခဲတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“လူမှုကယ်ဆယ်ရေးအဖွဲ့တွေတောင် လူနာပို့တဲ့အခါကျရင် ဆေးရုံရှေ့ကသွားလို့မရဘူး၊ ဆေးရုံနောက်ကနေ ပတ်သွားရတယ်၊ ဆေးရုံက ဘယ်လိုဖြစ်လဲဆိုတော့ ဆေးရုံဝင်းအဝက ရဲစခန်းရယ်၊ ခရိုင်အုပ်ချုပ်ရေးရုံးရယ်၊ ကာစတန်ရုံးတို့၊ လဝကရုံးတို့ အဲလိုကြားထဲရောက်နေတော့ ဆေးရုံသွားဖို့ကိုတောင်မှ သိပ်အဆင်မပြေချင်ဘူး၊ အနောက်က ပတ်သွားနေရတယ်” လို့ လူမှုကူညီရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ မြဝတီမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ မဲကနယ်ကျေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဖားချောင်းကျေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ မြဝတီမြို့ထဲဘုန်းကြီးကျောင်း ၄ ကျောင်းမှာ နေထိုင်နေရပြီး အစားအသောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လူမှုကူညီရေး လုပ်ကိုင်နေသူက ဆက်ပြောပါတယ်။

“လက်ရှိက နေရပ်မပြန်ခင် စားရိက္ခာများလိုအပ်နေသလို၊ နယ်မြေအေးချမ်းလို့ပြန်ရရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အထောက်အပံ့လေးတွေ လိုအပ်ပါတယ်ဗျ၊ နေတာကတော့ ဘုန်းကြီးကျောင်း ဓမ္မာရုံထဲ စုနေကြရတာပါ၊ ကျောင်းတွေကတော့ မဲကနယ်မင်္ဂလာရွာဦးကျောင်း၊ ဖားချောင်းကျောင်း၊ ချမ်းမြေ့ကျောင်း၊ တောရကျောင်း၊ ဟေမာန်ဦးကျောင်း၊ ဓမ္မရောင်ခြည် ကျောင်းတွေမှာ စစ်ဘေးရှောင်တွေရှိနေတယ်” လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ မြဝတီမြို့အပြင် အနီးနားမှာရှိတဲ့ ရွှေကုက္ကိုလ်အနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောက်ဖျာ၊ သက္ကာယ၊ သဲပုံနဲ့ ထီးကော်ထောကျေးရွာတွေအပြင် အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀၀ နီးပါး သောင်ရင်းမြစ်ကိုကူးပြီး ထိုင်းဘက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ရွှေကုက္ကိုလ်အနီးက ကျေးရွာတွေမှာလည်း ပိတ်မိနေတဲ့လူတွေရှိနေပြီး မြဝတီဘက်ကိုလာတဲ့ လမ်းတွေကိုပိတ်ထားတာကြောင့်  လမ်းပြန်ဖွင့်တဲ့အခါ မြဝတီမြို့ထဲမှာ စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီလုပ်ကိုင်နေသူတွေက ပြောပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – CJ