ကြာအင်းဆိပ်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၄၀) ဦးခန့် သေဆုံးပြီး (၃၀) ဦးခန့် ထိခိုက်ဒဏ်ရာရ

မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မကျည်းကလပ်ကျေးရွာ နဲ့ ကော့ကမာကျေးရွာကြားမှာ ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့ ညနေ ၄နာရီ ၁၅ မိနစ် အချိန်ခန့်က စစ်ကောင်စီတပ် ရတခ တိုင်းလက်အောက်ခံ တပ်ရင်း ၊ တပ်မ တွေဖြစ်တဲ့ ၅၅၇ ၊ ၂၀၈ ၊ ၂၀၉ (BE မိုင်းရှင်းလင်းရေးတပ်) ဒုဗိုလ်မှုးကြီး ကျော်ဇေယျဦးဆောင်တဲ့ အင်အား ၂၀၀ ခန့် စစ်ကြောင်းဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လုံခြုံရေးယူထားတဲ့ နေရာကို ကျူးကျော်၀င်ရောက် လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

KNU / KNLA ၊ Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း၊ ARMS Drone တပ်ဖွဲ့ ၊ SDDF Drone တပ်ဖွဲ့၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားချိန် (၂) နာရီလောက် အကြာမှာ စစ်ကောင်စီတပ်ဘက်မှ (၄၀) ဦးခန့် သေဆုံးပြီး (၃၀) ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ကာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်တယ်ခဲ့လို့ Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း မှ မတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

“စကစ စစ်ကြောင်းလာတဲ့နယ်မြေတွေအကုန်လုံးကို ကျွန်တော်တို့က အခုချိန်ထိ နယ်မြေရှင်းလင်း ရေးတွေ လုပ်နေတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက လူနေအိမ်တွေနဲ့ဝေးပြီး ကော့ကမာ နဲ့ မကျည်းကလပ် ကျေးရွာနှစ်ရွာကြားမှာဖြစ်တာပါ။ ဒေသခံတွေထိ ခိုက်မှုမရှိပါဘူး ။ စကစ ဘက်က လက်နက်ကြီးတွေနဲ့ ထုတာတွေရှိနေပေမယ့်လည်း ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာတွေကိုတော့ ရှောင်နိုင်ခဲ့တယ်” လို့ Lion Battallion ရဲ့ တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေဘက်မှ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးနဲ့ နယ်မြေရှင်းလင်းရေးကို အဓိကထားလုပ်ဆောင်နေတာကြောင့် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒါလီကျေးရွာ နဲ့ ထီးမူးခီးကျေးရွာတွေကို စစ်ကောင်စီတပ် ခမရ(၅၅၆) တပ်ရင်းမှ တပ်ရင်းမှုး ဒုဗိုလ်မှူးကြီး သက်ဦး ဦးဆောင်တဲ့ အင်အား (၅၀) ခန့်ရှိတဲ့စစ်ကြောင်းနဲ့  KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက ဒေသခံကျေးရွာသားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူကာ ထွက်ပြေး တိမ်းရှောင်ခဲ့ပါသေးတယ်။

သတင်း − မေမီမင်းညို

ဓါတ်ပုံ – ဗျူဟာစစ်ကြောင်း