လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်စခန်းအတွင်း တဲတွေပြန်လည်ပြုပြင်နိုင်ရန် အကူအညီတွေလိုအပ်နေ

ဧပြီလ ၂၄ ရက်နေ့ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ဘေးရှိ ပလော့တပို့စစ်ဘေးရှောင်စခန်းမှာ ဧပြီလ ၂၃ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်မှာ လေပြင်းတိုက်ခတ်တာကြောင့် စခန်းအတွင်းရှိ စစ်ဘေးရှောင်နေထိုင်တဲ့ တဲတွေမှာ ပြိုကျသွားတာတွေ ယိုင်နဲ့သွားတာတွေ အပြင် အမိုးအကာတွေပါ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးထံမှသိရပါတယ်။

ယမန်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ယိုင်နဲ့ ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင်နိုင်ရန် အတွက်မိုးကာ သစ် ဝါး နဲ့ တာလပတ်တွေ အပြင် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပလော့တပို့စစ်ရှောင်စခန်း အတွင်းမှာ လူဦးရေ (၈၀၀) ခန့်နေထိုင်လျက်ရှိပြီး လတ်တလောတိုက်ပွဲတွေဖြစ်ပွား နေတဲ့ မဲပလဲ့ နဲ့ မဲကနယ်ဘက်မှ စစ်ရှောင်လာတဲ့ လူဦးရေထပ်တိုးလာတယ်လို့ ပလော့တပို့ စစ်ရှောင်စခန်း ကူညီသူတဦးက အခုလိုပြောပါတယ်။

မနေ့ကတိုက်သွားတဲ့ လေဆိုတော်တော်ပြင်းတယ် တဲတွေပြိုတာနဲ့ ရွဲ့စောင်းကုန်တာတွေရှိတယ်။ တဲတွေ ပြန်ပြုပြင်နိုင်ဖို့ပစ္စည်းတွေလည်းလိုတယ် လူဦးရေကလည်းများတယ်ဆိုတော့ စားနပ်ရိက္ခာတွေလည်း လိုနေ တယ်လေ အခုလက်ရှိတော့ ရှိတာလေးတွေနဲ့ပြင်ဆင်တာတွေလုပ်နေပေမယ့် လည်း လိုအပ်တာတွေ ကတော့ ရှိနေတုန်းပါပဲ။ မဲပလဲ့ နဲ့ မဲကနယ် ဘက်က တိုက်ပွဲဖြစ်နေတော့ စစ်ရှောင်လာတဲ့သူတွေအနေနဲ့ အခုလို လေပြင်း တိုက်တာနဲ့ပါကြုံတော့ သူတို့အတွက်နေစရာအခက်အခဲတွေရှိတာပေါ့ လေပြင်းတိုက်လို့ တဲ() လုံးပျက်စီးသွားပီးတော့အမိုးတွေ လန်သွားတယ် အကာတွေစုတ်ပြတ်သွားတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအတွင်းနေထိုင်သူ သက်ကြီးရွယ်အိုတွေမှာ နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေရှိသလို ရာသီဥတုပူပြင်းတာ အပြင် ရေချိုးမှားတာတွေကြောင့် ဖျားနာတဲ့သူတွေလည်းရှိနေတယ်လို့ သူက ဆက်ပြော ပါတယ်။

လက်ရှိအချိန်မှာ တိုက်ပွဲအခြေအနေငြိမ်သက်နေပေမယ့် စစ်ကောင်စီတပ်လေကြောင်းမှ ဧပြီလ ၂၄ ရက်နေ့ ဒီကနေ့ နေ့လည်အချိန်လောက်မှာ လေယာဥ်နဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အပြင် မြဝတီကိုသွားတဲ့ လမ်းခရီးအခြေအနေမှာ နှစ်ဖက်တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

သတင်းမေမီမင်းညို