ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ အရပ်ဘက်အဖွဲ့အစည်းများ၊ KIO Municipal နှင့် ဒေသခံလူငယ်များ စုပေါင်းပြီး ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Kachin Gender Star Group ၊ Sama Association Mission Hight School ၊ KIO Municipal ၊ လိုင်ဇာဒေသခံလူငယ်များ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွသူများ ပါဝင်ခဲ့ကြပြီး အစီအစဉ် (၂) ပိုင်းနဲ့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
နောင်အေခူးသာသနာကျောင်းမှာ “ ပလတ်စတစ် သုံးစွဲမှု လျှော့ချရေး ” ခေါင်းစဉ်နဲ့ ဟောပြောခြင်း၊ ပန်းချီပြခန်းများပြုလုပ်ခြင်း နဲ့ ဇာတ်လမ်းတိုများ တင်ဆက်ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်အနေနဲ့ လိုင်ဇာချောင်းကမ်းပါးနဲ့ ဝေကြိုင်ရပ်ကွက်မှာ အမှိုက်ကောက်ခြင်း အပါအဝင် အသိပညာပေးဟောပြောခြင်းများ တပါတည်းပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ Kachin Gender Star Group တာဝန်ခံ ကိုနော်နော်က Manau Voice ကို ပြောပါတယ်။
“ အရင်တုန်းက ဈေးသွားရင် ပလိုင်းလွယ်ပြီးသွားခဲ့ကြတာ။ ဘာ ပလတ်စတစ်မှ မသုံးခဲ့ဘူး။ ပလတ်စတစ် ပရမ်းပတာ သုံးစွဲမှုကို လျှော့ချဖို့၊ လောကကို လှလှပပ ဆက်ရှိနေစေချင်လို့ ဒီအစီအစဉ်ကို လုပ်တာပါ ” လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့မှာလဲ ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မနက် ၇ နာရီကစပြီး စီတာပူရပ်ကွက်ရှိ နောင်ရာပါကွင်းမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် လူငယ်များကနှစ်ရှည်ပင်များ စိုက်ပျိုးမှုတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။
သတင်း – မရစ်နော်
ဓါတ်ပုံ – Kachin Gender Star Group
စာမူတည်းဖြတ် – ဒီပါ
#manauvoice
#လိုင်ဇာ
#ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့