ရငဲရွာက ဒေသခံရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် တစ်ဦးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်နေရ

ဇူလိုင်လ ၂၄ ရက်နေ့၊ ၂၀၂၃ ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာက လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အဖမ်းခံရသူ ၄ ဦးအနက် တစ်ဦးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်နေရတယ်လို့ Dawei Information Center ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းအချိန်လောက်က လယ်ထဲမှာ စပါးစိုက်နေတဲ့ ရငဲရွာသား ၄ ဦးကို မြွေတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းခေါ်သွားပြီး ရိုက်နှက် စစ်ဆေးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ရွာမှာမနေကြတာကြာပြီ။ အလုပ်အကိုင်မရှိတော့ စားရေးသောက်ရေးခက်ခဲတယ်။ အခုလည်း လယ်ထဲအလုပ်သွားလုပ်တာ စစ်သားတွေကဖမ်းပြီး ရိုက်တယ်။ ရွာထဲဝင်မလာနဲ့လို့ ပြောတာကို စကားနားမထောင်လို့ဆိုပြီး ရိုက်တယ်။ ဆဲတယ်” လို့ သူကပြောပါတယ်။

အဖမ်းခံရတဲ့ ဒေသခံတွေကတော့ ဦးသန်းလှဦး၊ ဦးကျော်ဝင်း၊ ကိုကျော်ဇေယျာဦး၊ ကိုမဲကျော်တို့ဖြစ်ပြီး အဆိုပါ ၄ ဦးအနက် အသက် ၅၀ အရွယ် ဦးကျော်ဝင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက် နှိပ်စက်မှုကြောင့် လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ဦးကျော်ဝင်းက အသက်ကြီးပိုင်းဆိုတော့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေရဲ့ အရှိန်ကြောင့် အပြင်းဖျားတာ။ အခုထိ ဆေးကုနေရတုန်း။ အပြစ်ဒဏ်ပေးတာဆိုပြီး ခေါင်းစဉ်တပ်ရိုက်တာ” လို့ သူကပြောပါတယ်။

ရငဲကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက တပ်စွဲထားတာ ၂ လနီးပါး ရှိနေတာဖြစ်ပြီး ဒေသခံတွေ ရွာထဲဝင်လာအချိန် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးရိုက်နှက်တာတွေကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်က ရငဲကျေးရွာမှာ အခုလိုမျိုးလုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထားဝယ်မြို့ပေါ်၊ အနီးအနားရှိ အမျိုးအိမ်တွေ၊ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုတိမ်းရှောင်နေကြရတာကြောင့် ဒေသခံတွေမှာ စားရေးသောက်ရေးခက်ခဲလာပြီး မိုးတွင်းကာလဖြစ်တာကြောင့် ကျန်းမာရေးအခြေအနေတွေဆိုးရွားလာကာ ဆေးဝါးအကူအညီတွေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမဲ့သူတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ သူတွေဆီကနေသိရပါတယ်။

“မိုးရာသီဆိုတော့ နေမကောင်းဖြစ်တဲ့သူပိုများတယ်လေ။ ဆေးတွေလည်းလိုအပ်သလို ဆေးကုပေးမဲ့ ဆရာ/မတွေလည်းမရှိတော့ တစ်ခြားရွာတွေမှာ အကူအညီလိုက်တောင်းနေရတယ်။ အစားအသောက်လည်း အဆင်ပြေသလိုစားကြရတယ်” လို့ စစ်ရှောင်အရေးကူညီသူတစ်ဦးက ဆိုပါတယ်။

ရငဲရွာရှိ မြွေတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ထားဝယ်အခြေစိုက် ခမရ ၄၀၂ တပ်ရင်းကဖြစ်ပြီး အင်အား ၄၀ ကျော်လောက်နဲ့ တပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၂၀၂၃ ခုနစ် ဇွန်လ ၈ ရက်နေ့ကနေ ဇူလိုင်လ ၂၄ ရက်နေ့အထိ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)