ဟုမ္မလင်းမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်း ၄: ၄၅ ဝန်းကျင်ခန့်က မူးယစ်ဆေးဝါးသုံးစွဲသူဟု စွပ်စွဲကာ နာဂအမျိုးသား ဦးစီရေးအား SNA ကဖမ်းဆီးသွားခဲ့ပြီး ငွေကျပ် သိန်း ၅၀၀ နဲ့ ၃ ရက်အတွင်းလာရွေးဖို့နဲ့ ၃ ရက်အတွင်း လာမရွေးနိုင်ပါက ပစ်သတ်မယ် ဆိုပြီး မိသားစုအား ခြိမ်းခြောက်ခဲ့တယ် လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ဖြန့်ချီတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူတို့ရဲ့စွပ်စွဲချက်မှာ လူမျိုးရေးနွယ်နေတယ်လို့လည်း ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ တစ်ဦးက အခုလို ပြောပါတယ်။
“သူတို့က အရင်ကတည်းက မူးယစ်တိုက်ဖျက်ရေး ဆိုပြီးလုပ်ကြတယ်။ အဲလိုမိရင် နာဂဆိုရင် ပိုရိုက်တယ်။ မင်းတို့ နာဂတွေ ရောင်းဝယ်လို့ ငါတို့ရှမ်းနီလူငယ်တွေ မူးယစ်ဆေးဝါးနဲ့ ပျက်စီးကြတာ ဆိုတဲ့ သဘော ပေါ့”
ဖမ်းဆီးခံထားရတဲ့ ဦးစီရေးအား သူ့မိသားစုများမှ တဖက်အဖွဲ့နဲ့ သွားရောက်ညှိနှိုင်းပြီး ခေါ်ထုတ်လာဖို့ ပြင်ဆင်နေကြတယ် ဆိုတဲ့သတင်းရထားပြီး နောက်ဆက်တွဲ အခြေအနေများကိုတော့ Naga News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရှမ်းနီနဲ့ နာဂလုမျိုးများရောနှောနေထိုင်တဲ့ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ယခင်ကလည်း လူမျိုးရေးဆန်သောပြဿနာများ စွပ်စွဲပြောဆိုချက်များ နယ်မြေအငြင်းပွါးစရာများ ရှိခဲ့ဖူးပြီး ယခုနှစ်ပိုင်းအတွင်း SNA ဖက်က နာဂလူမျိုးစုအပေါ် အကြမ်းဖက်လုပ်ရပ်များအထိ ကိုယ်ထိလက်ရောက် ထိပါးလုပ်ဆောင်လာနေတာ တွေ့လာရပါတယ်။
#PeoplesRadioMyanmar
#Naga_News