တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့နေရာတွေကို စစ်ကောင်စီတပ် ပစ်မှတ်ထားတိုက်ခိုက်နေ

ဇွန်လ (၁၂) ရက် ၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနဲ့ ဝင်းရေးမြို့နယ်က ကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ဧပြီလမှစတင်ကာ ဇွန်လ ဒုတိယအပတ်အထိ ဘုန်းတော်ကြီး (၁) ပါး အပါအဝင် အရပ်သားသေဆုံးသူ (၉) ဦးရှိကာ ထိခိုက်ဒဏ်ရာ ရရှိသူ (၁၇) ဦး အထိရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ် ခမရ (၅၄၅ ၊ ၅၄၆) ၊ ခလရ (၃၂ ၊ ၉၇ ၊ ၂၈၃) ၊ အမတ−၃၁၇ နဲ့ လှိုင်ဝအမြှောက်တပ်တို့ကနေ မြို့နယ် (၄) မြို့နယ်အတွင်းက ကျေးရွာဖြစ်တဲ့ နှစ်ကရင် ၊ ကမိုင်ကုန်း ၊ ရွာတန်းရှည် ၊ ဆံဖလား၊ ညောင်ရိပ်သာ ကော့ကာ အစရှိတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးအသုံးပြုပြီး အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက် နေတာလည်းဖြစ်ပါတယ်။

အခုလိုပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၄) ကျောင်း ၊ ဘုန်းတော်ကြီးကျောင်း (၂ ) ကျောင်း ၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း (၃) ကျောင်း ၊ အစ္စလာမ်ဘုရားကျောင်း (၁) ကျောင်း ၊ နေအိမ် (၄၀၁) လုံး ပျက်စီးခဲ့တဲ့အပြင် နေအိမ် (၁၂) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရသိရပါတယ်။

လက်ရှိအချိန်မှာ ကော့ကရိတ်မြို့တောင်ဘက် ၊ အာရှလမ်းမကြီးဘက်ခြမ်းရှိ ကျေးရွာတွေဘက်ကိုလည်း စစ်ကောင်စီတပ် ခလရ−၉၇ နဲ့ လှိုင်ဝအမြှောက်ကုန်း တို့ကနေ နေ့စဥ် လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ် နေတယ် လို့ ဒေသခံတွေ ထံမှသိရပါတယ်။

သတင်း – နော်ဝါးဝါးဖော

ဓာတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)