
ဇူလိုင်လ ၁၀ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းထဲက စစ်ရှောင်ပြည်သူ ၃၀၀၀၀ကျော်အတွက် ရည်ရွယ်ပြီးလုပ်တဲ့ ဆန်ကမ်ပိန်းဟာ မျှော်မှန်းထားတဲ့ ပမာဏကို မရရှိသေးဘူးလို့ ဝသန်ဦးအတွက် ဆန်စုဗူးကမ်ပိန်းရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဆိုပါ ကမ်ပိန်းကို “မိုးဦးဝသန်အတွက် ဆန်စုဗူး” လို့အမည်ပေးထားပြီး ဆန်အလှူကမ်ပိန်းဟာ ဇွန်လ ၁၂ရက်ကနေ ဇူလိုင်လ ၂၆ရက်နေ့အထိ အချိန်အားဖြင့် ၁လခွဲသတ်မှတ်ထားကာ ဆန်အိတ်စုစုပေါင်း ၁၅၀၀ ရရှိရန်မျှော်မှန်းထားကြတယ်လို့ ဆန်စုဗူးကမ်ပိန်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ကမ်ပိန်းကာလ ၁လနီးပါးကြာလာတဲ့အထိ ဆန်အိတ်အရေအတွက် ၁၂၀ဝန်းကျင်လောက်သာလက်ခံရရှိ ထားတယ်လို့ ဆန်စုဗူးကမ်ပိန်းရဲ့ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
“ ဆန်အိတ်လို့ပြောတဲ့အခါမှာ ၁၂ပြည်ဆန်အိတ်နဲ့ ၂၄ပြည်ဆန်အိတ်ဆိုပြီး အမျိုးအစားနှစ်မျိုးရှိတယ်။ ကျနော်တို့ ကမ်ပိန်းကနေရလာတဲ့ အလှူငွေနဲ့ ဒေသမှာရှိတဲ့ ၁၂ပြည်ဆန်အိတ်တစ်အိတ်ရဲ့ ပေါက်ဈေးကိုတွက်လိုက်ရင် အခုလက်ရှိအချိန်အထိ ဆန်အိတ် ၁၂၀ဝန်းကျင်လောက်ကိုလက်ခံ ရရှိထားပါတယ်” လို့ သူကအခုလိုပြောပါတယ်။
စစ်ရေးအရှိန်မြင့်လာတဲ့ တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ဝန်းကျင်လောက်ရှိပြီး အခုလက်ခံရရှိထားတဲ့ ဆန်အိတ်အရေအတွက် ပမာဏအရ လူဦးရေ၃၀၀ဝန်းကျင်လောက်အတွက် ၁လစာဘဲရှိသေးတယ်လို့ ဆန်စုဗူးကမ်ပိန်းရဲ့ ပြန်ကြားရေးတာဝန်ခံက အခုလိုပြောပါတယ်။
“ စစ်ရှောင်က ၃၀၀၀၀လောက်ရှိတယ်။ ကျနော်တို့မှာ လက်ခံရရှိထားတဲ့ ဆန်အိတ်အရေအတွက်နဲ့ဆိုရင် လူ၃၀၀ဝန်းကျင်လောက်ကို ၁လလောက်အထိ ရရှိနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။
ကမ်ပိန်းအတွင်း သတ်မှတ်ထားတဲ့ အရေအတွက်ကို မရတဲ့အကြောင်းအရင်းက ငွေတန်ဖိုးကျသွားတာလည်းရှိသလို စီးပွားရေးအခြေအနေတွေက ကြပ်တည်းလာတဲ့အတွက် လာလှူတဲ့လူဦးရေ နည်းပါးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ်ပိန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မိုးအရမ်းများတဲ့တနင်္သာရီတိုင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် စစ်ရှောင်တွေအတွက် အဓိကလိုအပ်နေတဲ့ဆန်ကို မိုးရာသီအလယ်မရောက်ခင် စုဆောင်းပေးခြင်းဖြစ်တယ်လို့ ဆန်စုဗူးကမ်ပိန်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သတ်မှတ်ထားတဲ့ ကမ်းပိန်းကာလအတွင်း မျှော်မှန်းထားတဲ့ ဆန်အိတ် ၁၅၀၀ မရရှိပါက ကမ်ပိန်းကို လိုအပ်သလို ဆက်လက်ပြီး သက်တမ်းတိုးတာတွေလုပ်ဆောင်သွားမယ်ဆိုပါတယ်။
ဆန်စုဗူးကမ်ပိန်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ ကမ်ပိန်းကမျှော်မှန်းထားတဲ့ ဆန်အိတ် ၁၅၀၀ရမှ နားမယ်ဆိုတဲ့ အစီအစဉ်မျိုးတော့မရှိဘူး။ တစ်လခွဲအတွင်း ရနည်းလို့ရှိရင် ရက်ပိုင်းလောက် သက်တိုးမယ်လို့ စဉ်းစားထားတာရှိတယ်။ သက်တမ်းတိုးတဲ့ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်ရင် နားလိုက်ပြီးတော့ ရရှိလာတဲ့ ဆန်အိတ်အရေအတွက်ပေါ်မှာမူတည်ပြီး ဒေသအတွင်းက ဦးစားပေးသင့်တဲ့ နေရာတွေကိုရောက်အောင်ပို့ပေးဖို့ ရည်ရွယ်ထားတယ်” လို့ပြောပါတယ်။
အဆိုပါကမ်ပိန်းကို တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ၊ နွေဦးမေတ္တာစစ်ဘေးရှောင်များ ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တနင်္သာရီ၊ တနင်္သာရီလူမျိုးပေါင်းစုံကွန်ရက်၊ တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများကွန်ရက်တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနစ်ကတည်း တနင်္သာရီတိုင်းထဲမှာ ဆန်တွေ၊ ဆီတွေ သယ်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် စားနက်ရိက္ခာမလုံလောက်တာတွေနဲ့ ပြတ်လပ်တာတွေကို ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့သတင်းအရင်းအမြစ်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
People’s Radio Myanmar (Phar Si Than)
ပုံ- ဝသန်ဦးအတွက် ဆန်စုဗူး