
ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ ဇူလိုင်လ ၁၃ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းရွာကျေးရွာရှိ ရဲစခန်းကုန်းကို အမည်မသိလူနှစ်ဦး ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျောင်းရွာကျေးရွာ ဆေးရုံအရှေ့ဘက်ရှိ လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်လာတယ်၊ ရဲစခန်းရှေ့မှာ မိုးပေါ်ထောင်ပြီးတော့ သေနတ်နဲ့ ၆ချက် ၇ချက်လောက်ပစ်သွားတယ်၊ ပြီးတော့ ရွာလမ်းအတိုင်းမောင်းပြေးသွာတာ၊ အဲ့ဒါနဲ့ ရဲးခန်းကနေ လက်နက်ကြီးနဲ့ပြန်ပစ်တာ ဆေးရုံရှေ့က အိမ်တစ်လုံးပေါ်ကျသွားတယ်၊ အဲ့ဒီအိမ်မှာ လူမနေတော့ လူထိတာတွေမရှိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကျောင်းရွာကျေးရွာနဲ့ ရဲစခန်းအနီးတစ်ဝိုက်မှာ အစစ်အဆေးတင်းကြပ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“အခု ရဲစခန်းနားမှာ အစစ်အဆေးတွေများနေတယ်၊ ရွာထဲမှာလည်း လိုက်ပတ်နေကြတယ်၊ မနေ့ကလာပစ်တဲ့နှစ်ယောက်ကတော့ ပစ်ပြီးတာနဲ့ လိတ်ပုတ်ရွာဘက်ကို ထွက်သွားကြတာ မမိဘူး၊ ရဲစခန်းရှေ့ဖြတ်သွားတဲ့လူမှန်သမျှကို စစ်နေကြတယ်” လို့ အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏဆိုသလို တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဇွန်လ ၂၅ရက်နေ့ကနေ ဒီနေ့အထိ ရေးမြို့နယ်ထဲက နေအိမ် ၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
လက်ရှိအချိန်မှာလည်း ရေးမြို့နယ်မြောက်ဘက်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီး ရေးမြို့နယ်အပါအဝင် လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာနဲ့ အနီးနားကျေးရွာတွေက ဒေသခံ ၁ထောင်ကျော်ဟာ မော်လမြိုင်မြို့၊ မုဒုံမြို့နဲ့ သံဖြူဇရပ်မြို့တွေက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရသလို အိမ်ငှားနေထိုင်နေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)