စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် လောင်းလုံမြို့နယ်ရှိ ရွာ၆ရွာက လူတွေထွက်ပြေးနေရ

ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၃ခုနစ်

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတာကြောင့် လောင်းလုံမြို့နယ်ရှိ ကျေးရွာ၆ရွာကျော်က ပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Comrades of the same blood ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လောင်းလုံမြို့နယ်၊ နခံတောကျေးရွာရှိ ရပ်ခံတောင်ဘုရားကုန်းပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၁၂ရက်နေ့က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် နေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

“ တပ်လာစွဲပြီး ကျနော်တို့ရွာတွေဘက်ကို နံနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာ။ ပြီးတော့ ညနေရောက်တော့ မီးဝင်ရှို့တာ။ မီးရှို့တာက အိမ်တစ်ဆောင်ဘဲ့။ မီးကကူးပြီးတော့ မီးထဲ ၃ဆောင်ပါသွားတာ” လို့ သူကပြောပါတယ်။

ဇူလိုင်လ ၁၄ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်လောက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ခမောင်းတောင်ရွာဘက်ကို အချက်၂၀လောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ မနေ့က ပစ်သံတွေက တော်တော်ကြမ်းတယ်။ နှစ်ဖက်ပစ်နေတာ။ ဒါပေမဲ့ ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ ပစ်ခတ်ပြီးမှ လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေက နခံတောရွာ၊ ခမောင်းတောင်ရွာ၊ ထိန်တွင်းရွာ၊ စခန်းကြီးရွာ၊ တောင်မင်းပြောင်၊ မဲအုံနှောက် စတဲ့ရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာ ၆ရွာက ဒေသခံတစ်ထောင်ကျော်ဟာ  ဇူလိုင်လ ၁၃ရက်နေ့ကစပြီး နေအိမ်တွေကို စွန့်ခွာကာ နီးနားရှိ ဆွေမျိုးအိမ်တွေ၊ ထားဝယ်မြို့ပေါ်နဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Comrades of the same blood ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ ၁၃ရက်နေ့ကတော့ အနည်းအကျဉ်းဘဲရှောင်ကြသေးတယ်။ ၁၄ရက်နေ့ နှစ်ဖက်တိုက်ပွဲဖြစ်တော့ ရွာ၆ရွာကလူတွေ အကုန်ပြေးကြတာ။ ဆွေမျိုးသားချင်းရှိတဲ့လူလည်း ဆွေမျိုးအိမ်မှာနေကြတယ်။ ခြံတွေထဲလည်း နေကြတယ်။ ခေတ္တစစ်ရှောင်ဆိုတာ့ စာရင်းအတိအကျတော့ ကျနော်တို့မှာမရှိသေးဘူး”လို့ သူကပြောပါတယ်။

ဇူလိုင်လ ၁၅ရက်နေ့ မနက်ပိုင်းမှာလည်း ခမောင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာသား ၁၀ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပေမယ့် People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

အခုလက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းနေပြီး ၂၀၂၃ခုနစ် ဇူလိုင်လ ၁၂ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ရွာသား ၅ဦးလောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့  လက်နက်ကြီး ယမ်းသမ်းပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ လူ၅၀နီးပါး အသက်ဆုံးရှုံးမှုတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

သတင်း-နော်အယ်နီး

ပုံ- Dawei Information  Center

People’s Radio Myanmar (Phar Si Than)