ကြာအင်းဆိပ်ကြီးရဲစခန်း လက်နက်ကြီးနဲ့တိုက်ခိုက်ခံရမှုအပေါ် နှစ်ဖက်အငြင်းပွားပြောဆိုနေ

မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မေလ ၂၉ ရက်နေ့ မနက် ၆ နာရီ မိနစ် ၂၀ အချိန် ကြာအင်းဆိပ်ကြီး အခြေစိုက်အမှတ် ၁ ဗျူဟာကုန်းကနေ ၁၂၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာ ရဲစခန်းအနီးနဲ့ တရားရုံးအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေ့က ကြာအင်းဆိပ်ကြီးမြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာ ရဲစခန်းအနီးနဲ့ တရားရုံးအနီးမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာမဟုတ်ဘဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေရဲ့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။

အခုလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ကြာအင်းဆိပ်ကြီးမြို့ဒေသခံတစ်ဦးကတော့ “အဲ့ဒီနေ့မနက်က ဒရုန်းနဲ့ပစ်တာ ၁ လုံးဘဲ ဘာမှထိခိုက်တာမျိုးမရှိဘူး၊ တရားရုံးအနီးမှာဘဲကျတာ၊ ပြီးမှသူ တို့ဘာသာသူတို့ လက်နက်ကြီးနဲ့ပြန်ပစ်တာ၊ အဲ့လိုပစ်တဲ့အခါကျတော့ ရွာတွေကတော့အထိနာတာပေါ့ ဘာမှန်းမသိဘဲ နေရာလည်းတိတိကျကျမသိပဲ ပစ်နေတယ်၊ အမှတ် ၁ ဗျူဟာကုန်းကနေဘဲပစ်နေတာ၊ မနက် ၁၀ နာရီခွဲလောက်ထိကို လက်နက်ကြီးတွေနဲ့ပစ်တာလို့” သူပြောပါတယ်။

မေလ ၂၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်အချိန်တုန်းကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲခံခဲ့ရပြီး ရဲခစခန်းဝင်းအတွင်းကရဲ ၂ ဦးအပါအဝင် အသက် ၁၂ ကလေးအရွယ် ကလေးတစ်ဦး ကျောမှာဒဏ်ရာရရှိကာ ရုံးခန်းနဲ့ ရဲမေတန်းလျားတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ တစ်စုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

လက်ရှိအချိန်မှာလည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေမှာ သက်ဆိုင်ရာရုံးတွေကို ရုံးလာတက်တာမျိုးမရှိတော့သလို ရုံးအတွင်း နေထိုင်သူတွေမှာလည်း စာရွက်စာတမ်းတွေယူဆောင်ကာ ရှောင်တိမ်းနေကြတယ်လို့ ကြာအင်းဆိပ်ကြီး မြို့ ဒေသခံတွေကပြောပါတယ်။

သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Google Map
Phar Si Than (People’s Radio Myanmar)