စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂ဦးသေဆုံး ၄ဦးဒဏ်ရာရရှိ

 စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂ဦးသေဆုံး ၄ဦးဒဏ်ရာရရှိ

By−နော်အယ်နီး

Date- September 19, 2025

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်ရှိ မြို့နယ်လေးခုကို စစ်ကော်မရှင်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ဦးသေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းလောက်ကစပြီး စစ်ကော်မရှင်တပ်တွေဟာ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေကို Y-12 အမျိုးအစား လေယာဉ်နှစ်စီးနဲ့ ဗုံးသီးတွေကို အကြိမ် ၅၀ကျော် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ ဘာတိုက်ပွဲမှမရှိဘူး။ လိုင်းပေါ်မှာတက်လာတော့ ထားဝယ်ကို မင်းအောင်လှိုင်လာဖို့ရှိလို့ ကြဲတာတဲ့။ မြို့နယ်တွေအကုန်လုံးကြဲခံရတယ်။ မနက်ကတည်းကနေ ကြဲတာ ညအထိ လေယာဉ်သံကြားနေရတုန်း”လို့ လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာက အသက် ၆၀အရွယ် ဒေါ်တင်ရှိန်နဲ့ သမက်ဖြစ်သူ အသက် ၃၄နှစ်အရွယ်ရှိ မောင်ဝေယံဖြိုးဆိုသူ တို့သေဆုံးခဲ့ပြီး အသက် ၆၀ကျော်အမျိုးသားတစ်ဦး၊ အသက် ၃၀အရွယ်ရှိ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 

“ အိမ်ပေါ်ကို လာကျတာ။ ယောက္ခမနဲ့ သမက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ကျန်တဲ့သူတွေက ဒဏ်ရာရတာ အများကြီးဘဲ့” လို့သူက ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာာလ ၁၈ရက်နေ့က ထားဝယ်မြို့ရှိ မြို့တော်ခန်းမဖွင့်ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

စက်တင်ဘာလ ၁၄ရက်နေ့ကလည်း ထားဝယ်အရှေ့တော ဒေသရှိ ပကာရီရွာကို စစ်ကော်မရှင်တပ်တွေဘက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှီပြီး ဘုန်းကြီးကျောင်းအဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ 

ပုံ− လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့ ပြည်သူနှစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *