ကျုံဒိုးမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာရောင်းချ

_

By – People’s Radio Myanmar
Date – 19 August 2024

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သြဂုတ်လတတိယပတ်လောက်ကစပြီး ကျုံဒိုးမြို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေက ဆိုင်ကယ်တစ်စီးကို ဓာတ်ဆီတစ်လီတာ (၅,၅၀၀ကျပ်)၊ ကားတစ်စီးကို ၂၂,၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

သူမက “ သူတို့သတ်မှတ်ထားတဲ့နှုန်းနဲ့ပဲ ရောင်းပေးတာပေါ့။ အခုက (မနက်က) ဆီကြိုက်သလောက်ဝယ်လို့ရပြီဆိုပြီး ခဏနေကျတော့ ဆီမရှိတော့ဘူးတဲ့။ အများအားဖြင့် ဆိုင်ကယ်တစ်စီးကိုရေသန့်တစ်ဗူးစာပဲရတယ်”လို့ ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်လာပေမယ့် စက်သုံးဆီဈေးနှုန်းတွေကတော့ ပြန်မကျသွားတဲ့အပြင် အခုလို စက်သုံးဆီဈေးနှုန်းမြင့်တက်တာ၊ အကန့်အ သတ်နဲ့ဝယ်ယူနေရတာ စတဲ့အခက်အခဲမျိုးစုံကြောင့်ခရီး စရိတ်တွေပါ တပါတည်းမြင့်တက်လာတယ်လို့ မြို့ခံတွေကဆိုပါတယ်။

“ဆီကဝယ်မရတော့ပိုဆိုးတာပေါ့။ ကားခတွေလည်းဈေးကြီးလာတယ်။ ပုံမှန်ဆို ကျုံဒိုးနဲ့ မော်လမြိုင်ကို ကားခက ၈၀,၀၀၀ပဲ။ အခုက ၁၂၀,၀၀၀ ဖြစ်သွားပြီ။ ဘတ်ဈေးတွေကကျကုန်ပြီ။ ကုန်ဈေးနှုန်းတွေ ဆီဈေးတွေက တစ်စက်မှမကျဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းတာ၊ မော်တော်ကားလမ်း
တွေသွားလာရခက်ခဲတာတွေကြောင့် ကရင်ပြည်နယ်အ တွင်းမှာရှိတဲ့ မြဝတီ၊ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်း စတဲ့မြို့​ပြတွေမှာ ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ အပြင် စက်သုံးဆီဈေးနှုန်းတွေပါ မြင့်တက်လာနေတာ
လည်းဖြစ်ပါတယ်။

ဓာတ်ပုံ – X

ပုံစာ − ဆီဝယ်ရန်တန်းစီနေကြသူများ။