ကျုံဒိုးမြို့အနီးတဝိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်

[videopress ufHTV1WH]

ဧပြီလ ၁၉ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကျုံဒိုးချောင်းဖျားကျေးရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု‌ေတွပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဧပြီလ ၁၉ရက် မနက်၇နာရီဝန်းကျင်အချိန်မှာကျုံဒိုးမြို့တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား‌ေနစဉ် စစ်ကောင်စီတပ်ကလေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျုံဒိုးချောင်းဖျားလမ်းရှိစစ်ကောင်စီတပ်အထိုင်ချထားတဲ့ ဂိတ်စခန်းတစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ကျုံဒိုးမြို့ခံတစ်ဦးကဆိုပါတယ်။

“မနက်ကတော့ချောင်းဖျားဘက်မှာထိတွေ့တိုက်ပွဲဖြစ်တဲ့ပုံပဲကိုယ်တွေကတော့အသံကြားရင်တော့ အကာအကွယ်အောက်မှာဝပ်နေရတာပေါ့လေယာဉ်ကကိုယ်တွေအပေါ်မှာပဲဝဲနေတာအများစုကတော့ပြေးကုန်ပြီ ၊  မီးလောင်တာကBGFတွေနေတဲ့ဂိတ် ဒီရက်ပိုင်းတော့ စကစတွေပဲ ထိုင်တယ်ကြားတယ် ကျုံဒိုးကနေချောင်းဖျားလမ်းဘက်အထွက်က”လို့သူက ဆိုပါတယ်။

ချောင်းဖျားကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အခုလိုပစ်ခတ်မှုတွေဖြစ်ပွားရတာဖြစ်တယ်လို့လဲဆိုပါတယ်။

အခုလို နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း  စစ်ကောင်စီတပ်ရဲ့ခမရ (၅၄၅)နဲ့ (၅၄၆)တပ်ကနေလည်း လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်နေတယ်လို့လဲ နောက်ထပ်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

“သေနပ်သံတွေအလုံးကြီးသံတွေကြားနေရတယ် မနက်ကတည်းက ချောင်းဖျားထဲကို စစ်သားတွေအများကြီးဝင်လာတယ်ပြောနေတယ်”လို့ သူကပြောပါတယ်၊။

အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျုံဒိုးမြို့ကဒေသခံတွေဟာ ဘားအံမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲ သိရပါတယ်။

ကျုံဒိုးချောင်းဖျားမှာ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက စစ်တပ်ရဲ့ ခမရ (၅၄၅)တပ်ကနေလဲ လက်နက်ကြီးတွေနဲ့ ညနေတိုင်းပစ်ခတ်နေတာဖြစ်တယ်လို့လဲဆိုပါတယ် ။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့ကနေ  ၂၅ရက်နေ့အထိ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့  ကျေးရွာ၁၀ရွာကျော်လောက်က ဒေသခံတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

 

သတင်း-နော်ဖူးဖူး

ရုပ်သံ-Cj

People’s Radio Myanmar (Phar Si Than)