မြဝတီမြို့ ခလရ (၂၇၅) အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းပစ်ခတ်မှုထပ်မံပြုလုပ်လို့ နေအိမ်တစ်ချို့မီးလောင်ပျက်စီး

ဧပြီလ ၁၈ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခလရ (၂၇၅) အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၁၇ရက် ည၇နာရီလောက်မှာ ခလရ (၂၇၅) အနီးတစ်ဝိုက်နဲ့ စိမ်းလဲ့မြိုင်ကားဝင်းနားကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ကား (၃)စီးနဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ကြဲသွားတယ်၊မြို့နဲ့တော့နည်းနည်းဝေးတယ်၊ အသံအကျယ်ကြီးမကြားရဘူး၊ စိမ်းလဲ့မြိုင်ကားဝင်း အနောက်ဘက်ဘဲ၊ လေယာဉ်နဲ့ကြဲလို့ မီးလောင်သွားတာ” လို့ သူကပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပေမဲ့လဲ မြို့ပေါ်နေ ပြည်သူတွေကတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ သူကဆက်ပြောပါတယ်။

“ ပုံမှန်အတိုင်းဘဲသွားနေကြတယ်၊ တောင်ဘက်မှာ တိုက်ပွဲဖြစ်နေလဲ မြောက်ဘက်က ဒီအတိုင်းဘဲ ပုံမှန်ဘဲ၊ ဘယ်သူမှ ကြောက်အားလန့်အားနဲ့ တစ်မြို့လုံး ခြောက်ကပ်ပြီး မရှိတော့ဘဲ ပြေးကြတယ်ဘာတယ်ဆိုတာမရှိဘူး၊ တိုက်ပွဲတစ်နေရာဖြစ်တယ်၊နောက်တစ်နေရာကတော့ ပုံမှန်ဘဲ၊” လို့ပြောပါတယ်။

လက်ရှိအချိန်မှာလည်း မြဝတီမြို့မရဲစခန်းနဲ့ ရှေ့တန်းရုံးနေရာတွေမှာ စစ်တပ်က လမ်းပိတ်ထားသလို ည ၆နာရီကျော် ရဲစခန်းနားကိုသွားရင် ပစ်မိန့်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင်  မြဝတီမြို့ကဒေသခံပြည်သူတွေကို ဒီနေ့ ဧပြီလ ၁၈ရက်နေ့မှာ အပြီးပြောင်းရွှေ့ရမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အခုလို သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်မြဝတီမြို့ပေါ်မှာနေထိုင်တဲ့ မြို့ခံတချို့ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ပြောင်းရွှေ့နေကြသူ‌ေတွ ရှိသလို တစ်ချို့ကတော့ မြို့ထဲမှာ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့  ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ညကတည်းကသတင်းတွေတက်နေတော့ကမ်းကူးတဲ့သူကလည်းကူးကုန်ပြီးအထုပ်တွေထုပ်တဲ့သူကလည်းထုပ်နေကြတယ်ပေါ့မြို့ထဲမှာတော့ပုံမှန်ပဲ အမှတ်၅ဘက်မှာတော့ သင်္ကြန်တုန်းက ထွက်တဲ့ ဈေးသည်တွေတောင်မထွက်ဘူးတချို့ဆိုင်တေွလည်းပိတ်ထားတယ်”လို့သူကပြောပါတယ်။

အခုလို ထွက်ပေါ်နေတဲ့ပြောင်းရွှေ့ခိုင်းတဲ့သတင်းတွေနဲ့ပတ်သက်ပြီး KNLA၊PDFပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထုတ်ပြန်ကြေညာထားတာမျိုးမရှိဘူးလို့စစ်ရေးနယ်မြေသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

မြဝတီမြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာမြင့်နေပြီး ခလရ (၂၇၅) ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၉ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အခုလိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး၊ နော်ဖူးဖူး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)