ကျွန်းစုမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ ၂၀၂၄ခုနှစ်

 

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာမှာ ဒေသတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ရက်ဆိုက်တိုက်ဖြစ်ပွာနေတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ရက်နေ့ကတည်းက ကျွန်းစုမြို့နယ်ထဲရှိ ပျူစောထီးရွာတွေဖြစ်တဲ့ မင်းဂုတ်နဲ့ မင်းလှော်ရွာတွေဘက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက အင်အား ၁၀၀ကျော်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထိတွေ့ပစ်ခတ်မှုတွေ ဖေဖော်ဝါရီလ ၁၅ရက်နေ့ထိ ဖြစ်ပွားနေခဲ့တယ်လို့ သိရပါတယ်။

“ ဖြစ်လိုက်နားလိုက်၊ ပြန်ဆုတ်လိုက်နဲ့ ဖြစ်နေတယ်။ ဖြစ်နေတာကကြာပြီ။ ၁၃ရက်နေ့၊ ၁၄ရက်နေ့တွေမှာလည်း ဖြစ်တယ်” လို့ တော်လှန်ရေးရဲဘော်က အခုလို ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမယ့် မြေပြင်အခြေအနေအရ အတည်ပြုလို့မရသေးပါဘူး။

စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ်ရှိ ရတောင်ရွာမှာ လက်နက်ကြီးအထိုင်ချထားပြီး ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့သလို စစ်တပ်တွေဘက်က ဒရုန်းတွေကိုပါ အသုံးပြုလာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောပြပါတယ်။

“ လက်နက်ကြီးကတော့ အရင်လိုဘဲ့ ရမ်းပစ်တယ်။ တိုက်ပွဲဖြစ်လည်း ပစ်တယ်။ မဖြစ်လည်းပစ်တယ်။ အခုက ဒရုန်းတွေပါ သုံးပြီး ဗုံးကြဲတာတွေပါ လုပ်လာတယ်” လို့သူ ဆက်ပြောပါတယ်။

အခုလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မင်းဂုတ်ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်တဲ့ရွာတွေကတော့ အနည်းအကျဉ်းတိမ်းရှောင်နေရတယ်လို့ ကျွန်းစုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလက်ရှိမှာလည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက စစ်ရေးတင်းမာနေတဲ့ မင်းဂုတ်ရွာကို ဖေဖော်ဝါရီလ ၂ရက်နေ့က ဗုံးသီး ၆လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း-နော်အယ်နီး

ပုံ-CJ

Phar Si Than (People’s Radio Myanmar)