
ဒီဇင်ဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဌာနချုပ်က အရာရှိအိမ်ရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force ရဲ့ တာဝန်ရှိသူဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၁၅ရက်နေ့၊ မနက် ၈နာရီခွဲလောက်မှာ မောရဝတီရေတပ်ဌာနချုပ်ရှိ ဌာနချုပ်မှူးနေတဲ့ အဆောက်အအုံကို ၈၁မမ ဗုံးသီးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး အရာရှိ အိမ်ရာတွေကိုတော့ ၆၀မမ ဗုံးသီးလေးလုံးနဲ့ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ ဗုံးသီးချတာက ၆၀မမ ဗုံးသီးလေးလုံးကို နှစ်ကြိမ်ချတယ်။ ၈၁မမကိုက တစ်ကြိမ်ချတယ်။ ပထမဆုံးက ဌာနချုပ်မှူးနေတယ်လို့ သိထားတဲ့အဆောက်အအုံကို အရင်ကြဲချပါတယ်။ နောက်မှအရာရှိအိမ်ရာတွေကို တိုက်ခိုက်ပါတယ်” လို့သူကအခုလို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း မောရဝတီရေတပ်ဌာနချုပ်မှူးရဲ့ နေအိမ်အပါအဝင် အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး တပ်သားတွေလည်း ထိခိုက်သေဆုံးခဲ့တာတွေရှိတယ်လို့ သိရပေမယ့် မြေပြင်အခြေအနေအရ အတည်ပြုလို့မရသေးဘူးလို့ သိရပါတယ်။
Kanbauk Defense Force ရဲ့ တာဝန်ရှိသူက “ တနင်္သာရီတိုင်းမှာတော့ ကျနော်တို့တပ်ဖွဲ့ရဲ့ ပထမဆုံးဒရုန်းစစ်ဆင်ရေးပါ။ အဓိကကတော့ ဌာနချုပ်လည်း မလုံခြုံဘူး။ ကျနော်တို့တွေထိုးဖောက်နိုင်တယ်ဆိုတာကို ပြချင်တာပါ” လို့ဗုံးသီးကြဲချတိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကို သူကဆက်ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့အချိန်မှာတော့ ဆင်ကူးရွာ၊ အိန္ဒရာဇာရွာနဲ့ မင်းသားရွာတွေဘက်ကို မောရဝတီရေတပ်ဌာနချုပ်ထဲကနေ လက်နက်ကြီးတွေနဲ့ အချက်ရေ အမြောက်အများ ပစ်ခတ်ခဲ့သလို ကံပေါက်-ကလိန်အောင်လမ်း၊ ကံပေါက်-ဇာဒီလမ်းနဲ့ ကံပေါက်-ပြင်ကြီးလမ်းတွေကိုလည်း ပိတ်ချလိုက်တယ်လို့ ကံပေါက်ဒေသခံတွေကပြောပါတယ်။
“ရေတပ်က အုန်းပင်ကွင်းရွာမှာ ရှိတာ။ အနီးနားက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းထုတာ။ အချက်ရေ ၂၀ကျော်တယ်။ လူထိခိုက်မှုမရှိလို့ တော်သေးတာပေါ့။ လမ်းတွေကိုလည်း ပိတ်ချလိုက်တာ ညနေလောက်မှပြန်ဖွင့်တယ်” လို့သူကအခုလိုပြောပြပါတယ်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း မောရဝတီရေတပ်ဌာနချုပ်မှာ ထွက်ပြေးသွားတဲ့ တပ်သား ၃၀နဲ့အထက်ရှိပြီး အခုလက်ရှိမှာတော့ မောရဝတီရေတပ်ဌာချုပ်မှာ စစ်သင်္ဘောတွေနဲ့ စစ်သားအင်အားတွေကိုလည်း ထပ်ဖြည့်ထားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-KPDF
Phar Si Than (People’s Radio Myanmar)