
ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးကို လည်းပိတ်ထားရတာပြီး မြဝတီကိုကုန်ပစ္စည်းသယ်ဆောင်စရိတ်တွေလည်း အဆမတန်ဈေး မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့က ကော့ကရိတ်မြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးကိုလည်း ပိတ်ထားခဲ့ရပြီး မွန်ပြည်နယ်ဘက်ကနေ မြဝတီကိုဘက်ကိုပို့နေတဲ့ ကွမ်းတစ်ခြင်းကို အရင်က (၁၅၀၀၀)သာသယ်ဆောင်စရိတ်ပေးဆောင်ရပေမဲ့ အခုချိန်မှာတော့ သယ်စရိတ်(၅၀၀၀၀)ကျပ်နဲ့ လူတစ်ဦးကိုလည်းကားခ (၈၀၀၀၀)ကနေ (၁၀၀၀၀၀)ထိပေးနေရတယ်လို့ တစ်ပိုင်တစ်နိုင်ကုန်စုံဆိုင်ဖွင့်ထားသူတစ်ဦးကပြောပါတယ်။
“ကွမ်းခြင်းတစ်ခြင်းကို (၁၅၀၀၀)ကနေ (၅၀၀၀၀)သောင်းဖြစ်သွားတယ်ကွယ်ကားခက လူဆိုရင် (၂၅၀၀၀)ကနေ (၈)သောင်း၊(၁)သိန်း ကွမ်းရွက်ခြင်းလိုက်ဆို တစ်ခြင်းကို (၁၅၀၀၀)လောက်ပဲရှိ မြဝတီထိကို (၁၀)ပိဿတစ်ဖာကို အရင်က(၁၀၀၀၀)၊(၁၅၀၀၀)ပဲ အခုတစ်ဖာကို(၅၀၀၀၀)တောင်း တယ်အခု(၅၀၀၀၀)တောင်းတယ်ယာင်းမတွေထန်းလျက်ဖာတင်တာလေ ပေါင်ကနေ အဲ့တာနဲ့မပို့တော့ဘူးပို့တာကတော့ထို့ကော်ကိုးလမ်းကတဲ့”လို့သူကပြောပါတယ်။
မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးပိတ်ထားရတာကြောင့်ယာဉ်မောင်းတွေမှာ ထို့ကော်ကိုးလမ်းပိုင်းကိုအသုံးပြုသွားလာနေရတဲ့အတွက် ကားခကိုတော့ (၇၀၀၀၀)ကျပ်နဲ့ ကားပြေးဆွဲနေတယ်လို့ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“ဒီကကားတွေကတော့ နေ့တိုင်းကားအတက်အဆင်းရှိပါတယ် အခုကထို့ကော်ကိုးလမ်းကပဲ ပိုအဆင်ပြေတယ် ဒီကကားတွေလည်းထို့ကော်ကိုးလမ်းကနေပဲ တက်နေကြတာ ဂိတ်ကနေရောင်းတာကတော့(၇၀၀၀၀) ဖုန်းဆက်ပြီး ဘိုကင်တင်စီးရင်တော့(၆၀၀၀၀) ပဲပါတယ်အဲ့တာကဂိတ်ကြေးမပေးရပါဘူး လမ်းကြေးအကုန်အပြီးပါ”လို့သူ ကပြောပါတယ်။
အခုလိုလမ်းတွေလမ်းပိတ်ထားတာကြောင့်ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ဒေသတွေကနေ နယ်စပ်မြို့ဖြစ်တဲ့မြဝတီမြို့ကိုတင်ပို့နေတဲ့ ကွမ်းရွက်၊ဆန်၊ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာလည်း ဈေး(၂)ဆလောက်မြင့်တက်သွားတယ်လို့ မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဈေးတက်တာတော့၅ရက်လောက်ရှိပြီ ကွမ်းရွက်တစ်ပိဿာဆိုရင် (၈၀၀၀)ကနေအခု (၂၀၀၀၀) ဆန်(၆)ပြည်တစ်အိတ်ဆိုရင်လည်း(၂၄၀၀၀)ကနေ (၃၂၀၀၀) ကြက်သွန်နီဆိုရင်အရင်က တစ်ပိဿအရင်က (၂၅၀၀) အခု(၅၀၀၀) ကြက်သွန်နီဆိုရင် (၁၀၀၀၀)ကနေ (၁၅၀၀၀) အဲ့တာတွေကတော့ကိုယ်တိုင်ဝယ်စားရတာပေါ့ ကျန်တာကတော့အိမ်ကပို့ပေးတာဆို တော့သိပ်မသိဘူး”လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လလယ်ပိုင်းတုန်းကလည်း မြဝတီ−ရန်ကုန်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် ဂိတ်တွေမှာ ကုန်ကားသမားတွေဆီကနေ ဂိတ်ကြေးအများအပြားကောက်ခံတာကြောင့် အခုလို ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တဲ့ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလကနေစပြီးကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းက ဒေသတော် တော်များများမှာ စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေနှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်တပ်ကလမ်းပိုင်းတွေပိတ်ထားတာကြောင့်ကုန်စည်သယ်ဆောင်ရေးအခက်အခဲဖြစ်နေကာ ကုန်ဈေးနှုန်းတွေဈေးအဆမတန်မြင့်တက်လာတာဖြစ်တယ်လို့ ဒေသတွင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)