
အောက်တိုဘာလ ၂၈ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၄ ကဗဟိုကင်းတဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ် သားထိခိုက်သေဆုံးမှုရှိတယ်လို့ ကြာအင်းဆိပ်ကြီး မြို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ ည၈နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၄ ကို နယ်မြေခံတော်လှန်ရေးအင်အားစုမှ စစ်ကောင်စီတပ်သားတွေကင်းစောင့်တဲ့ ဗဟိုကင်းတဲကို ဒရုန်းနဲ့ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင့် စစ်ကောင်စီတပ်ရဲ့ ကင်းတဲမှာထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သားထိခိုက်ဒဏ်ရာရတာတွေရှိပေမဲ့အတိအကျမသိ ရှိရသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်
“ညက၈နာရီထိုးခင် ၇နာရီ၅၀လောက်ရှိမယ်အဖွဲ့တွေက ဒရုန်းလာချသွားတယ်ကင်းကို ၂လုံးနဲ့ ပစ်ချသွားတယ် ပြီးတော့အဲ့ဒီကင်းတဲမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာ ရတာတွေရှိတယ် တပ်ထဲမှာဖြစ်တာဆိုတော့ ကိုယ်ကိုယ်တိုင်ကြည့်မရတော့ အတိအကျမသိရ ဘူးပေါ့”လို့ သူကပြောပါတယ်။
ဒါ့အပြင်အခုလိုစစ်ကောင်စီတပ်ကင်းတဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးရောလက်နက်ငယ်တွေနဲ့ပါမိနစ် ၃၀လောက်ကြာတဲ့အထိကို ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“ဒီကနေပြန်ပစ်တာလက်နက်ပေါင်းစုံပဲအဲ့ဒီ၇နာရီကျော်ကနေစပြီးတော့၈နာရီခွဲကျော်ထိကို လက်နက် ကြီးကကြား ကြိုကြားကြိုပစ်တယ် လက်နက်ငယ်ေတွေနဲ့ရောပြီးတော့ စက်သေနတ် တွေလည်း ပစ်တယ်”လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ဒေသခံအမျိုးသမီးတစ်ဦးကလည်း“ပစ်နေတာလည်းလက်ကုန်ပဲ ပစ်ထုတ်နေတာ ရွာတွေဘက်တော့ကျတာပေါ့ တော်တော်များတယ် ဘယ်နှလုံးလည်းတောင်မသိတော့ဘူးဒရုန်းလာ ချလို့ရမ်းသမ်းပစ်နေတာ လက်ကုန်ပစ်နေတာလို့ ”သူက ၂၇ ရက်နေ့ညပိုင်းအချိန်တုန်းကပြောပါတယ်။
ဒါ့အပြင်ကြာအင်းဆိပ်ကြီးမြို့ရဲ့ ဘုရားသုံးဆူမြို့ဘက်ကိုသွားတဲ့သပြေ ချဉ်ဂိတ်မှာလည်း စစ် ကောင်စီတပ်သားတွေအစစ်ဆေးတင်းကြပ်နေသလိုအမှတ်၁ရပ်ကွက်က ကြံ့ခိုင်ရေးရုံးရှေ့မှာလည်း သဲအိတ်အကာအရံတွေကာထားကာ စစ်ဆေးတာတွေပြုလုပ်နေပြီးညနေ၆နာရီနောက်ပိုင်းအပြင်ထွက် သွားလာသူတွေကိုလည်း စစ်ကောင်စီတပ်ဘက်မှ ရိုက်နှက်တာတွေရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အခုလိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီးကျွန်မတို့ဖားစည်သံသတင်းဌာနအနေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူး။
အောက်တိုဘာလနောက်ဆုံးအပတ်အတွင်းကြာအင်းဆိပ်ကြီးမြို့နယ်မှာစစ်ကောင်စီတပ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိနေပြီဖြစ်ပြီးအခုလိုဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ရဲ့ အဆောက်အအုံတစ်ချို့ထိခိုက်ပျက်စီးသလို ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကရင်ပြည်နယ်ထဲမှာ မြဝတီ၊ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ဖာပွန်နဲ့ သံတောင်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ပစ်ခတ်တာတွေလည်းရှိသလိုစစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာတွေဆက်ရှိိနေတယ်လို့ KNLAပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than(People’s Radio Myanmar)