
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဗုံးသီးရာနဲ့ချီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ပတ်တာတိုက်ပွဲအတွင်း ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေကို ၈၁ မမနဲ့ ၆၀ မမ ဗုံးသီးအလုံးပေါင်းရာနဲ့ချီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းအဖွဲ့မှ တာဝန်ခံကိုငြိမ်းကပြောပါတယ်။
“ဒရုန်း missionက သူတို့စစ်ကြောင်းထွက်လာတဲ့ကနေစပြီးတော့ သတင်းထုတ်ပြန်တဲ့နေ့အထိပေါ့နော် အဓိကတော့ သူတို့ကနေရာအနှံ့ပေါ့နော် တံခွန်တိုင်ဆိုလည်း သူတို့တပ်စွဲထားတဲ့ ရဲစခန်း၊ မီးသတ်အပြင်ကို သာသနာ့နယ်မြေမှာလည်း သူတို့ဝင်နေတယ် စာသင်ကျောင်းတို့မှာလည်း သူတို့ ဝင်နေတယ် ရွာသားတွေကတော့ သူတို့ရှိတဲ့ခါကျတော့ မနေကြတော့ဘူး ကျွန်တော်တို့ကတော့ ရန်သူကို တိုက်ခိုက်တာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ရောထွေးနေရင်တော့ Mission မလုပ်ဘူးပေါ့လေ” လို့သူကပြောပါတယ်။
ဒါ့အပြင် Cloud Wings ဒရုန်းတက်ဖွဲ့က ဒရုန်းတစ်စင်းမှာလည်း စစ်ဆင်ရေးဆောင်ရွက်နေချိန်အတွင်း ပျက်စီးသွားကာ စစ်ကောင်စီတပ်ဘက်မှ သိမ်းယူသွားတယ်လို့ သူကဆက်ပြောပါတယ်။
“ဒရုန်းတွေဆိုရင် လကျော်နေပြီး တစ်ရက်မှမနားရဘူးပေါ်နော် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကွီလုံတိုင်၊ အခု ခလယ်တံခွန်အတိုင် နေ့ကောညကော နေ့စဥ်ရက်ဆက် ဒရုန်းတွေက တော်တော်ပန်းနေပြီးပေါ့နော် သူတို့ဒီတစ်ခေါက်စစ်ကြောင်းထိုးတော့ ဒရုန်းပတ်သက်ပြီး ပြင်ဆင်ခဲ့ပုံရတယ် အကြောင်းကြောင်းကြောင့် ဒရုန်းတစ်စီးပျက်စီးခဲ့ရတယ် ကျွန်တော်တို့ဘက်က error ရှိတာလည်းပါတယ် ကျသွားတဲ့ဒရုန်းကို စစ်ကောင်စီဘက်သိမ်းဆည်းရမိတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးပြီးနောက်ပိုင်း ခလယ် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စစ်ကောင်စီတပ်က ယူဆောင်တာတွေ ပြုလုပ်နေသလို ဒေသခံပြည်သူတွေကိုလည်း စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီး ရိုက်နှက်တာတွေရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“စကစတွေက ရွာမှာနေနေတာ ကွန်ပျူတာတွေ ဆိုင်ကယ်တွေအကုန်သိမ်းယူကြတယ် ပိုက်ဆံတွေ ကျန်တဲ့အိမ်ကရော မီးစက်တွေပါအကုန်ပဲ ရွာသားလဲရိုက်နှက်ခံထိတယ် တစ်ယောက်ကတော်တော် အထိနားသွားတယ် ထုထောင်းတယ်အိမ်မှာ ဝက်စာပြန်ကျွေးရင်းဖြစ်တာ”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သာတွေကို BGF တပ်ဖွဲ့တွေရဲ့အကူအညီယူကာ ကား ၈ စီးနဲ့ သယ်ဆောင်သွားပြီး မော်လမြိုင်ကုတင် ၃၀၀ စစ်ဆေးရုံကို ခေါင်ဆောင်သွားတယ်လို့ဆိုပါတယ်။
ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ တံခွန်တိုင်၊ ပုလိန်အပါအဝင် ကျေးရွာပေါင်း ၇ ရွာက ဒေသခံ ၁၅၀၀၀ လောက်ဟာ မုဒုံမြို့နဲ့ အနီးအနားကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ ကရင်အမျိုးသားအစည်းရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cloud Wings
Phar Si Than (People’s Radio Myanmar)