အရှေ့တောနယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံတွေထွက်ပြေးနေရပြီး ဒေသခံအချို့လည်း ဖမ်းဆီးခံထားရ

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေဆီက‌နေ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့က ထားဝယ်ဘက်ကနေ အင်အား ၈၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာသလို ထီးခီးနယ်စပ်စခန်းကနေလည်း ကျော်မဲတောင်ဘက်ကို စစ်ကြောင်းတစ်ကြောင်း ထွက်လာတာဖြစ်တယ်လို့ အရှေ့တောနယ် ဒေသခံကဆိုပါတယ်။

“၁၈ ရက်နေ့မှာတော့ ထီးခီးဘက်ကနေ ကျောက်မဲတောင်ဘက်ကို ထွက်လာကြတာ။ ၁၉ ရက်နေ့ မှာတော့ ထားဝယ်ဘက်ကနေ ဝင်လာတယ်။ စစ်ကြောင်းနှစ်ခုပေါင်း ၁၀၀ ကျော်လို့ ကြားထားတယ်” လို့ သူကပြောပါတယ်။

အခုလို အဝင်နဲ့အထွက် စစ်ကြောင်းနှစ်ကြောင်း ရောက်ရှိလာတာကြောင့် ပခပ်ရွာ၊ သင်္ကန်းတုံးရွာ၊ ဝကုန်းရွာ၊ ဘဝပင်ရွာ၊ လိပ်ကြယ်ပြောင်ရွာ၊ ရမ္မဇူရွာနဲ့ သရက်ငုတ်ရွာက ဒေသခံတွေ ရွာလုံးကျွတ် လွတ်မြောက်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“ဟိုဘက်က စစ်ကြောင်းထွက်လာကတည်းက ရွာကလူတွေ အထုပ်တွေပြင်ပြီး ထွက်သွားကြတာ။ ရွာလုံးကျွတ်တွေဘဲ ရှောင်ကုန်ကြတယ်။ တစ်ယောက်မှ ရွာထဲမရှိဘူး” လို့သူကအခုလို ပြောပါတယ်။

အဲ့ဒီရွာတွေကို စစ်တပ်က အမြဲစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အမြဲလိုလို စစ်ဘေး တိမ်းရှောင်နေရတဲ့ ရွာတွေဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ လက်ရှိမှာတော့ ၃ ရက်စာ ရိက္ခာလုံလုံလောက်လောက်ရှိပြီး ရေရှည်စစ်ရှောင်ရမယ်ဆိုပါက ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ အရှေ့တောနယ် ဒေသခံကဆိုပါတယ်။

“အခုတော့ ရိက္ခာကအဆင်ပြေနေသေးတယ်။ စစ်ကြောင်းကကြာသွားရင်တော့ လိုအပ်တာပေါ့။ အစစအရာရာ ခက်ခဲသွားမှာလေ။ စီးပွားရေးကလည်း အဆင်မပြေကြဘူး။ ကုန်ဈေးနှုန်းတွေကလည်း မြင်တက်လာတယ်” လို့ သူကပြောပြပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညမှာလည်း ထားဝယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက အရှေ့တောနယ်ရှိ  ဒေသခံ ၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေက အရှေ့တောနယ်က ကိုသန်းနိုင်အပါအဝင် အမျိုးသမီးတွေနဲ့ ကလေးလည်း အဖမ်းခံထားရတယ်လို့ စစ်ရှောင်အရေးကူညီနေသူက ဆက်ပြောပါတယ်။

“ဖမ်းမိသူကတွေက ကိုသန်းနိုင်နဲ့ မိန်းကလေးတွေ ကလေးအမေတွေလည်းပါတယ်။ ညတုန်းက ကလေးနေမကောင်းလို့ နေရာပြောင်းရင်းမိသွားတာ။ အကုန်လုံးအဖမ်းခံထားရတာ ၆ ယောက်ပါ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ အဆိုပါ စစ်တပ်စစ်ကြောင်းက စက်တင်ဘာလ ၂၁ ရက်နေ့ ဒီနေ့မနက်မှာ ဝကုန်းရွာဘုန်းကြီးကျောင်းထဲက ထွက်လာပြီးဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေ အရ သိရပါတယ်။

ဒေသတော်လှန်ရေးအဖွဲ့ ရဲဘော်တစ်ဦးက “ကျောက်မဲတောင်၊ မေတ္တာဘက်ကလာတဲ့ စစ်ကြောင်းက ထားဝယ်ဘက်ကလာတဲ့ စစ်ကြောင်းကို လာကြိုတာလားမသိဘူး။ အထွက်ရော အဝင်ရောဆိုတော့။ ထိတွေ့မှုဖြစ်နိုင်တယ်။ သေချာတော့ မပြောတတ်သေးဘူး” လို့ သူကအခုလိုပြောပါတယ်။

အရှေ့တောနယ်ဒေသဟာ ကော်သူလေးတပ်မတော့ KTLA အဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်သလို ထားဝယ်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေ အဓိကလှုပ်ရှားတဲ့ နေရာဖြစ်တာကြောင့် စစ်ကြောင်းဝင်ရောက်တဲ့အချိန်တိုင်း ကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပြီး အခုလက်ရှိမှာလည်း စစ်ရေးအခြေအနေတင်းမာနေတယ်လို့ အရှေ့တောနယ် ဒေသခံတွေကို သုံးသပ်နေကြပါတယ်။

စစ်ကောင်စီတပ်က အရှေ့တောနယ်ကို စစ်ကြောင်းထိုးဝင်ရောက်တဲ့အချိန်တိုင်း ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတာမျိုးတွေ လုပ်လေ့ရှိတာကြောင့် အရှေ့တောနယ်က နေအိမ် ၂၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးပြီး ဒေခံ ၁၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းအရင်း အမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)