ပုလောမြို့နယ်ရှိ ကမ်းနီးမှာ ငါးဝင်ခိုးဖမ်းတဲ့ ကမ်းဝေးလှေ ၇ စီးကို မြိတ်ခရိုင်တပ်ရင်း (၁)က ဖမ်းဆီး

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်အနီးရှိ ပင်လယ်ပြင်မှာ ဥပ‌‌ဒေမဲ့ငါးဝင်ခိုးဖမ်းနေတဲ့ ကမ်း‌ဝေးလှေ ၇ စီးကို မြိတ်ခရိုင်တပ်ရင်း(၁)က ဖမ်းဆီးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ကမ်းဝေးငါးဖမ်းလှေ ၇ စီးဟာ မြန်မာ့ပင်လယ်ငါးဖမ်းဥပဒေကို ချိုးဖောက်ကာ ကမ်းနီးမှာ ငါးဝင်ဖမ်းတဲ့လှေတွေဖြစ်ပြီး ပြည်သူတွေက သတင်းပေးတိုင်ကြားထား တာကြောင့် ပြည်သူ့ကာကွယ်‌ရေးတပ်က အခုလို သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တိုင်ကြားချက်ရနေတာတော့ကြာနေပြီး။ တိုင်ကြားချက်တွေက များလည်းများတယ်။ ဖမ်းတာကတော့ ပင်လယ်ထဲမှာပဲ။  ဖမ်းမိတာက အခုမှမိတာပါ။ အခုလိုဝင်ဖမ်းနေတဲ့ ကမ်းဝေးလှေတွေကို စစ်တပ်ကဘာမှလည်း မလုပ်ဘူးလို့” သူကအခုလိုဆိုပါတယ်။

အဆိုပါ ငါးဖမ်းလှေတွေကိုဖမ်းဆီးပြီးနောက် လှေပဲ့နင်း ၇ ဦးကို တပ်ရင်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အဲ့ဒီလူ ၇ ဦးကို ပုလောမြို့နယ် ပြည်သူ့အုပ်အုပ်ချုပ်‌ရေးအဖွဲ့ထံအပ်နှံကာ  ဥပဒေအရ အ‌ရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ငါးဖမ်းလှေ တွေကိုတော့ သိမ်းဆည်လိုက်တာမျိုးမရှိဘူးလို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ကျနော်တို့ အနေနဲ့ အခုလက်ရှိတပ်ရင်းထဲဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူအပြစ်ပေးတာကိုတော့ ပုလောမြို့နယ် ပအဖ က ဥပဒေနဲ့အညီ ဆက်လက်လုပ်‌ဆောင်သွားမှာပါ။ လှေတွေကို‌တော့ သိမ်းဆည်းတာမျိုးမရှိပါဘူး။ ပဲ့နင်းတွေကိုဘဲဖမ်းပြီး လှေတွေကို ထားခဲ့ပါတယ်” လို့ သူကအခုလိုဆက်ပြောပါတယ်။

အဲ့ဒီ ကမ်းဝေးငါးဖမ်းလှေတွေက အခုလို ကမ်းနီးမှာ ငါးဝင်ခိုးဖမ်းတာကြောင့် ငါးပမာဏ သိသိသာသာလျော့နည်းလာပြီး ပုလောမြို့နယ်ရှိ ကျေးရွာတွေထဲက တစ်ပိုင်တစ်နိုင် ရေလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်လာတယ်လို့ ပုလောမြို့နယ်ရှိ ရေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက အခုလိုဆိုပါတယ်။

“ငါးတွေက အရင်ကရတာထက် သုံးပုံးတစ်ပုံတောင်မရ‌တော့ဘူး။ ပင်လယ်မှာ ရေတပ်တွေကလည်း ရှိနေတော့ ကျနော်တို့ကို ငါးဖမ်းထွက်ရင် စစ်တပ်က ဆက်ကြေးကောက်တာတွေလုပ်တယ်။ အဲ့ဆို ဆီဖိုးနဲ့ ဆက်ကြေးပေးရတာနဲ့ ဖမ်းလို့ရတဲ့ ငါးပမာဏကလည်းနည်းတော့ ဘယ်လိုမှ တွက်ချေမကိုက်ဘူး။ အပျော်ငါးဖမ်းထွက်သလိုဖြစ်နေတယ်။ အဲ့လှေကြီးတွေကို စစ်တပ်ကလည်း ဘာမှမလုပ်ဘူး။ သူတို့အချင်းချင်း အပေးအယူရှိမှာ‌ပေါ့” လို့ သူကပြောပါတယ်။

ငါးဝင်ခိုးဖမ်းတဲ့လှေ ၇ စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးပြီးနောက်နေ့မှာတော့ တစ်နိုင်တစ်ပိုင်ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ လှေငယ်လေးတွေကို ပလမြို့၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောတွေက ဖမ်းဆီးခဲ့ပြီး အခုလက်ရှိမှာတော့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်တယ်လို့သိရပါတယ်။ အခုလက်ရှိမှာ ဖမ်းဆီးခံရတဲ့ ကမ်းဝေးငါးဖမ်းလှေ ၇ စီးကို မလိကျွန်းရှိ အမှတ်(၅၉) ရေတပ်ရှေ့တန်းစခန်းက သိမ်းယူသွားပြီးဖြစ်တယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်အရ သိရပါတယ်။

တစ်နိုင်တစ်ပိုင် ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ကမ်းနီးငါးဖမ်းလှေတွေကို ကမ်းဝေးငါးဖမ်းလှေတွေက ဒေသခံတွေရဲ့ ဝမ်းရေးကိုရှေးရှုပြီး ဥပဒေမဲ့လုပ်ရပ်တွေကို မလုပ်ကြဖို့နဲ့ မလိုက်နာဘဲ ဆက်လက် ကျူးလွန်နေပါက ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။ အဆိုပါ ကမ်းဝေးလှေတွေကို ဖမ်းဆီးတဲ့နေ့မှာဘဲ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကျောက္ကာရွာအနီး ပင်လယ်ပြင်က ရေတပ်စစ်သင်္ဘောတို့ ပထမဆုံးအကြိမ် ရေကြောင်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar SI Than (People’s Radio Myanmar)