
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ မြိတ်-တနင်္သာရီကားလမ်းပေါ်ရှိ ကော့မပြင်းရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ အင်အား ၂၀ ကျော်ပါ Vigo ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့၊ မနက် ၇ နာရီလောက်မှာ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်းကနေ မော်တုန်းရွာအခြေစိုက် အမတ (၃၀၆) ကိုဦးတည်လာတဲ့ စစ်ကားကို ကော့မပြင်းရွာ အနီးမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ကားတစ်စီးအပြည့်ပေါ့လာတာ။ တစ်စီးမှာဆို ၂၀ ကျော်လောက်ပါတယ်။ ကျနော်တို့ ဆွဲလိုက်တဲ့အချိန် ကားကထိုးရပ်သွားတယ်။ ကားပေါ်ကနေကျလာတာအကုန်တွေ့ရတယ်” လို့ သူကအခုလိုပြောပါတယ်။
အလားတူ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်သားတွေကို ဒေသတော်လှန်ရေးတပ်တွေက ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီ လောက်မှာလည်း အလောင်းလာကောက်တဲ့ စစ်သားတွေကို တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ရှင်းလင်းရေးဝင်တဲ့အချိန် သူတို့က ခြေလျင်လာကြတာ။ အဲ့မှာတစ်ခါထပ်ဆွဲတယ်။ ညနေ ၆ နာရီလောက်မှာ အလောင်းလာကောက်တယ်။ သုံးကြိမ်မြောက်ထပ်ဆွဲခဲ့တယ်။ မနက်ပိုင်း မိုင်းဆွဲခံရလို့ သူတို့ခြေလျင်ဆင်းလာတဲ့ စစ်ကြောင်းကို ထပ်ပြီးမိုင်းဆွဲတာပါ။ ညနေနှစ်ချီလုံးက ထပ်ဆွဲခံထိတာပါ” လို့ သူကဆက်ပြောပါတယ်။
အဆိုပါမိုင်းဆွဲမှု သုံးကြိမ်အတွင်း သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး ထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူအလောင်းတွေကိုတော့ တနင်္သာရီမြို့နယ်ဆေးရုံနဲ့ မြိတ်မြို့က ဆေးရုံတွေမှာ ရှိနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ရဲဘော်တစ်ဦးက “သူတို့သေတာကို ကျနော်တို့ မျက်မြင်တွေ့ရတယ်။ ပြီးတော့အခုလက်ရှိ ဆေးရုံမှာလည်းများတယ်။ ရင်ခွဲရုံမှာရောပေါ့။ ဒဏ်ရာပြင်းတဲ့ သူကိုတော့ မြိတ်ကိုပို့လိုက်တယ်လို့ပြောတယ်” လို့သူက အခုလိုပြောပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေက အမတ (၃၀၆)၊ ခမရ (၅၅၆)၊ ခမရ (၅၅၇) တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့အဝင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်က စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အခုလက်ရှိမှာလည်း ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိရှိသွားလာဖို့ မလိုအပ်ပါက ခရီးသွားလာခြင်းမပြုပါရန် ဒေသကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)