
စက်တင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ရုံးတွေနဲ့ ဝန်ထမ်းအိမ်ရာတွေမှာမနေပဲ ပြောင်းရွှေ့နေထိုင်ပေးကြဖို့ Fedrial Wings ဒရုန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းအချိန်မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြဝတီအထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို Fedrial Wings အဖွဲ့မှ ဒရုန်းဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးတွေနဲ့ တပ်စခန်းအနီးအနားမှာ နေထိုင်သူတွေပါ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ပေးကြဖို့ကို Cobra စစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုနေမင်းထွန်းကပြောပါတယ်။
“ဝန်ထမ်းမိသားစုတွေပါ ရှောင်ရှားထားနိုင်ရင်တော့အကောင်းဆုံးပဲ အရပ်သားပြည်သူကို ရှောင်ရှားခိုင်တာကကျတော့ လုံးဝမထိခိုက်စေချင်ဘူး မထိခိုက်ဖို့လည်းအမြဲတမ်းဂရုစိုက်တယ် အခုချိန်ထိလည်း အရပ်သားပြည်သူထိခိုက်ခဲ့တာမျိုးမရှိဘူး ကျွန်တော်တို့ Mission တွေမှာလည်း စကစနဲ့ အနီးဆုံးဖြစ်နိုင်ရင်တော့ မီတာ ၄၀၀ ၅၀၀ အတွင်းပေါ့နော် မနေကြဖို့ တိုက်တွန်းလိုတယ်” လို့ သူကပြောပါတယ်။
အခုလို ဒရုန်း mission လုပ်ဆောင်တာဟာ စစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့နေရာကိုသာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဒေသခံပြည်သူတွေထိခိုက်မှုမရှိအောင် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့သူ ကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက်ပိုင်း ရဲစခန်းဝန်းအတွင်းနေထိုင်တဲ့ ဝန်ထမ်းမိသားစုတစ်ချို့ကတော့ မြဝတီမြို့က ဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေအိမ်မှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“အခုကအသိရှိတဲ့လူတွေလောက်ပဲပြောင်းကြတာ တခြားနယ်ကလာတဲ့လူတွေကျတော့ မရှိကြဘူးလေ မလုံခြုံလည်းနေနေရတာပဲ သူတို့မှာနေစရာမှမရှိတာ လက်အောက်ငယ်သားတွေက” လို့ သူကပြောပါတယ်။
မြဝတီမြို့ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေအပါအဝင် ၅ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း မြဝတီမြို့ခရိုင်ပြည်သူ့ဆေးရုံ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆေးရုံထဲက အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် အခုလက်ရှိအချိန်မှာလည်း မြဝတီမြို့ရဲစခန်းအနီးတဝိုက်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအင်အားတွေတိုးမြှင့်ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ကရင်ပြည်နယ်ဒေသတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအစိုးရရုံးတွေမှာ မကြာခဏတိုက်ခိုက်ခံနေရတာဖြစ်ပြီး မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Fedrial Wings
Phar Si Than (People’s Radio Myanmar)