
သြဂုတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ စစ်ကောင်စီတပ်က ကားအစီးရေ အကန့်အသတ်နဲ့သာပေးသွားတာကြောင့် ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားနေပြီး ကားပေါ်မှာပါလာတဲ့ ကုန်ပစ္စည်းပျက်စီးတာတွေ ဖြစ်ပွားနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်း၊ တောနော်ရေတံခွန်နားမှာ လမ်းပျက်စီးခဲ့တာကြောင့် ဘေလီတံတားထိုးထားရပြီး မြေပြိုထားတဲ့မြေပေါ်မှာထိုးထားတဲ့တံတား ကြံခိုင်မှုအားနည်းတာကြောင့် အခုလို ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားနေတာပါ။
မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ကုန်ကားရာနဲ့ချီပိတ်မိနေတာ ၃ ရက်ကျော်ကြာနေပြီဖြစ်ပြီး အခုလို ကားလမ်းပိတ်ဆို့နေတာကြောင့် ကုန်ပစ္စည်းပျက်စီးတာတွေရှိနေတယ်လို့ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။
“အခုက ကော့ကရိတ်ဘက်ခြမ်းမှာ ကုန်ကားတွေ ပိတ်မိနေတာ ၃ ရက်လောက်ရှိပြီး၊ အဲ့ဒီက အသီးရွက်တစ်ချို့ပျက်စီးနေတယ်၊ မြဝတီက အဆင်းကုန်မှာတော့ ကုန်ပစ္စည်းပျက်စီးတာတွေ ရှိနေပါတယ်၊ အောက်ကနေ မြဝတီဘက်ကို အဓိက ပို့ကုန်ကတော့ ပြောင်းပါဗျ၊ သူတို့ကို အရင်ပေးသွားနေပါတယ်” လို့ ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
ကားလမ်းပိတ်ဆို့နေတာဟာ ထိုင်းနိုင်ငံကိုတင်ပို့မဲ့ ကော်ပြောင်းစေ့တင်လာတဲ့ကားတွေကို အရင်ဆုံး ပေးသွားနေတာကြောင့် အခုလို ကားလမ်းပိတ်တာတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်ဖြန်ကစပြီး ထိုင်းနိုင်ငံကို ပြောင်းအဝင်ပိတ်ပါပြီး၊ တောင်ကြီး၊ မန္တလေးဘက်ကနေဝယ်၊ ထိုင်းဘက်ကို export လုပ်တာ၊ ကော်ပြောင်းက သူ့ရာသီနဲ့သူ အရောင်းအဝယ်ဖြစ်တာ၊ သူတို့ကို မပိတ်အောင် အရင်ပေးတက်နေလို့ အဆင်းအိမ်စီးကားတွေ ပိတ်မိနေတာ” လို့ သူက ပြောပါတယ်။
အခုလို ကားလမ်းပိတ်နေတာကြောင့် မနက် ၆ နာရီလောက် မြဝတီက ထွက်လာတဲ့ကားတွေဟာ ညနေမိုးချုပ်တဲ့အချိန်ထိ ကော့ကရိတ်ကို မရောက်ဘဲ လမ်းမှာ ညအိပ်ရတဲ့ကားတွေရှိသလို တိုက်ပွဲတွေ ဖြစ်ပွားလာမှာကိုလည်း ကြောက်ရသေးတယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။
“အစီး ၄၀ ကိုတစ်ခေါက် သူတို့ပေးသွားတယ်၊ မနက် ၆ နာရီလောက် မြဝတီကထွက်လာတဲ့ကားတွေဆို ကော့ကရိတ်မရောက်လိုက်ဘူး၊ တောင်ပေါ်မှာဘဲ၊ ခရီးလည်းမရောက်ဘူး၊ တိုက်ပွဲတွေကလည်း ကြောက်ရသေးတယ်၊ အဆင်မပြေဘူးပေါ့ဗျာ” လို့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကလည်း မြို့အဝင်ထွက်နေရာတွေကို ညနေ ၆ နာရီထိုးတာနဲ့ သွားလာခွင့်ပိတ်လိုက်တာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ပိတ်မိနေတဲ့ကားတွေမှပါလာတဲ့ ယာဥ်မောင်းတွေနဲ့ ခရီးသွားတွေမှာ အစားအသောက်ခက်ခဲတာတွေလည်း ရှိနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)