ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ယာဥ်တန်း တိုက်ခိုက်ခံရလို့ အများအပြားသေဆုံး

သြဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမကြီးမှာ စစ်ကောင်စီတပ်ယာဥ်တန်းကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် အများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၅ မိနစ်အချိန်မှာ ကျိုက်ထိုမြို့ အင်္ဂဘို ကျေးရွာ ဒေါင်းတောင်ကုန်းအနီး ရန်ကုန်-မော်လမြိုင် အမြန်လမ်းမကြီးမှာ စစ်ကောင်စီတပ်ကား ၅ စီး အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ယာဥ်တန်းကို တောကြီးကန်းစစ်ကြောင်းနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထပ်မနည်းသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းမှ သတင်းနဲ့ပြန်ကြား ရေးတာဝန်ခံ ဗိုလ်ရာဇာကျော်ကပြောပါတယ်။

“စစ်ကြောင်းကတော့ ဘယ်တပ်ကမှန်းဆိုတာအတိအကျမသိရဘူး ဒီစစ်ကားတွေက မော်လမြိုင် ဘက်ကနေပြီး ရန်ကုန်ဘက်ကိုပြန်ပြီးဆင်းလာတဲ့ကားတွေလို့သိရတယ် တိုက်ပွဲကတော့ မိနစ် ၂၀ ဝန်းကျင်ပေါ့ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရဆိုရင် စကစဘက်ကသေဆုံးတာ ၁၀ ယောက်ကျော်ပြီးတော့ ဒဏ်ရာရသူကတော့ ၇ ယောက်ရှိပါတယ် ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေကို တော်ဝင်ကားနဲ့ပြန်သယ်သွားတယ်လို့သိရတယ်”လို့ သူကပြောပါတယ်။

အခုလို နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က အင်္ဂဘို ကျေးရွာဘက်ကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆီဘောက်စာကားကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ရွာသား ဒဏ်ရာရာတာကတော့ လူကြီး ၂ ဦး ကလေး ၁ ဦးဒဏ်ရာရတယ်လို့သိရတယ် မနေ့ကဖြစ်စဥ်မှာ သူတို့ပြန်မဆုတ်ခွာခင်မှာ လမ်းမှာတွေ့တဲ့ ဆီဘောက်စာကားကို သေနတ်နဲ့ပစ်ခတ်တာပေါ့ လက်နက်တွေနဲ့ပစ်ခတ်တော့ အဲ့ဒီဆီဘောက်စာကားထဲကဆီတွေကထွက်ကျပြီးတော့ ရွာထဲထိပါ ပြန့်နေတာပေါ့” လို့ သူကပြောပါတယ်။

သြဂုတ်လ ၂၇ နေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျိုက်ထိုဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ကျိုက်ထိုမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပြည်သူနှစ်ဦး ဒဏ်ရာရတယ်လို့​တော့ ကြားမိတယ် ဘယ်အရွယ်လည်းတော့သေချာမသိရဘူး အိမ်စီးကားနဲ့ပဲ ဆေးရုံကိုပို့ပေးလိုက်တာ ကျိုက်ထိုဆေးရုံကို  အဲ့ဒီနေရာကလူနေအိမ်မရှိတဲ့နေရာပါလို့ လူမှု​ရေးအသင်းက ကူညီလိုက်တာ မဟုတ်တဲ့အတွက် သတင်း​မေးမရဘူး”လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ၂၄ ရက်နေ့ ည ၉ နာရီ အချိန် သိမ်ဇရပ်မြို့၊ အမှတ် ၁ ရပ်ကွက်ပိုင် ရွာလေး ရပ်ကွက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်းအား ၃၀ ဝန်းကျင်ရှိတဲ့ သိမ်ဇရပ်အခြေစိုက် ၂၀၇ တပ်ရင်းနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေကို နယ်​မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းထိခဲ့ တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စစ်ကြောင်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေ၊ သတင်းပေးသူမှာ မကြာခဏ သွားရောက်ပစ်ခတ် တိုက်ခိုက်ခံနေရတယ်လို့ KNLA ပူးပေါင်းတပ် သတင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – တောကျီးကန်းစစ်ကြောင်း

Phar Si Than (People’s radio Myanmar)