
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ကို စစ်ကောင်စီတပ်က အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံအချို့ကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ် စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့က စစ်တပ်အင်အား ၇၀ ဝန်းကျင်လောက်နဲ့ လောင်းလုံမြို့နယ်ကို ရောက်ရှိလာပြီး နေ့လည် ၃ နာရီလောက်မှာ စမ်းလှမ်းရွာဘက်ကနေ တီဇစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဘ ဝင်ရောက်ကာ ဒေသခံအမျိုးသား ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့ လောင်းလုံမြို့နယ်က ဒေသခံက ဆိုပါတယ်
“စမ်းလှမ်းကိုရောက်လာပြီးမှ တီဇစ်ကိုဝင်တာ။ အဲ့ကလူတွေကို ဖမ်းတယ်။ အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ အမျိုးသားတွေကိုတော့ ပစ္စည်းတွေသယ်ခိုင်းပြီး လူသားဒိုင်းအဖြစ်ခေါ်သွားတယ်” လို့ မျက်မြင်တွေ့ရှိသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက တီဇစ်ကျေးရွာကနေထွက်ခွာသွားပြီး လောင်းလုံမြို့နယ်၊ ထားဝယ်- ရှင်မော် ကားလမ်းပေါ်ရှိ ကြယ်တောင်အနားမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက်ရေအမြောက်အများ ပစ်ခတ်သွားတယ်လို့ လောင်းလုံမြို့နယ် ဒေသခံက အခုလိုပြောပါတယ်။
“မနေ့ညနေ တီဇစ်ကအထွက် ကြယ်တောင်အနားမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လက်၊ RPG တွေနဲ့ အကုန်ပစ်တာ။ နာရီဝက်လောက်ရှိတယ်။ တော်သေးတာပေါ့။ ထွက်ပြေးနေတဲ့ သူတွေမထိလို့။ အသံတွေကစုံနေရော။ အချက်ရေ တော်တော်များတယ်” လို့ သူကဆက်ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက လောင်းလုံမြို့နယ်၊ ဂေါ့အင်းရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့သိရပါတယ်။ အခုလက်ရှိ လောင်းလုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက မည်သည့်တပ်ရင်းက ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
တီဇစ်ကျေးရွာရှိ ဒေသခံတစ်ဦးက “အခုထိတော့ ဂေါ့အင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ အကုန်လုံးက အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်တပ်ရင်းကလည်းဆိုတာ မသိရသေးဘူး” လို့ သူကအခုလို ပြောပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ ဒေသခံ ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တီဇစ်ရွာရှိ အိမ်ခြေ ၄၈၀ ကျော်က ဒေသခံတွေမှာ တောတောင်တွေနဲ့ နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကြောင်းထွက်သွားပေမယ့် ရွာထဲကိုပြန်မဝင်ရဲဖြစ်နေကြတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လောင်းလုံမြို့နယ် ရှိ အောက်ကျောက်ဝပ်ရွာနဲ့ ညောပြင်ရွာတွေက နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးတာနဲ့ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံမြို့နယ်ရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ပြည်သူတွေဆီကနေ ဓားမြတိုက်တာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံခဲ့တယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)