
ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလည်ဒေသမှာ စစ်ကောင်စီတပ်က အင်အား ၁၇၀ နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲကာ နဘုလည်ဒေသထဲရှိ ကျေးရွာတွေဘက်ကို ထပ်မံစစ်ကြောင်းထိုးနေ တယ်လို့ Dawei Information Center ရဲ့ တာဝန်ရှိသူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်၊ ကံပေါက်ဒေသ ဖားချောင်းအင်းကျေးရွာဘက်က ဝင်ရောက်လာတဲ့ အင်အား ၇၀ ကျော်နဲ့ ပယ ကျေးရွာဘက်ကလာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းတွေဟာ နဘုလယ်ဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နဘုလယ်ရေနက်ဆိပ်ကမ်းဘက်က ထွက်လာတဲ့စစ်ကြောင်းက ၅၀ လောက်ရှိတယ်။ ဖားချောင်း အင်းဘက်က ဝင်လာတဲ့စစ်ကြောင်းတွေက ၇၀ လောက်ရှိတယ်။ ပယကဆင်းလာတဲ့ အင်အား ၅၀ လောက်ရှိတဲ့စစ်ကြောင်းက ပျောက်နေတယ်” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါ စစ်ကြောင်းသုံးကြောင်းအနက် ရေနက်ဆိပ်ကမ်းကလာတဲ့စစ်ကြောင်းဟာ ဩဂုတ်လ ၈ ရက်နေ့၊ မနက် ၇ နာရီလောက်မှာ ထိန်ကြီးရွာသား ၄ ဦးနဲ့ မူးဒူးရွာသားတစ်ဦး စုစုပေါင်း ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နဘုလယ်ရွာက ဒေသခံကဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ ဦးကျော်သိန်း၊ ကိုလူမဲ၊ ဦးမော်တင်ထွေးနဲ့ ဦးစုငယ်တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူသားဒိုင်းအဖြစ်အဖမ်းခံရတဲ့သူတွေက အခုချိန်ထိပြန်မလွတ်သေးဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
နဘုလယ်ဒေသခံတစ်ဦးက “စစ်ကြောင်းထိုးတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ လူတွေကိုအကုန်ဖမ်းတယ်။ လမ်းမှာအလုပ်လုပ်နေတဲ့ မူးဒူးရွာသားတစ်ဦးကိုလည်း ဖမ်းသွားတယ်” လို့သူကဆက်ပြောပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ရေဖြူမြို့နယ်အခြေစိုက်တပ်ရင်းနဲ့ ကလိန်အောင်မြို့အခြေစိုက် တပ်ရင်းတွေကဖြစ်တယ်လို့သိရပြီး အရပ်ဝတ်တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ယူနီဖောင်းတွေဝတ်ဆင်ပြီး စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အရင်တစ်ခါကလည်း ကလိန်အောင်၊ လောင်းလုံ၊ ရေဖြူနဲ့ ကလိန်အောင်တပ်ရင်းတွေက စစ်ကြောင်းထိုးလာတာ။ အခုက အရပ်ဝတ်နဲ့ PDF ယူနီဖောင်းတွေဝတ်ပြီး စစ်ကြောင်းထိုးနေကြတာ” လို့ သူကအခုလိုဆိုပါတယ်။
ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းအထိ ရေနက်ဆိပ်ကမ်းဘက်ကလာတဲ့စစ်ကြောင်းက ခမောင်းချောင်းရွာ ဘုန်းကြီးကျောင်းကိုရောက်ရှိနေပြီး ဖားချောင်းအင်းကျေးရွာဘက်ကဝင်တဲ့ စစ်ကြောင်းကတော့ ရငဲကျေးရွာထိပ်ကိုရောက်ရှိနေတယ်လို့ ဒေသအတွင်းစစ်ရှောင်အရေး ကူညီနေသူကပြောပါတယ်။
“ညကခမောင်းချောင်းရွာဘုန်းကြီးကျောင်းကိုရောက်ပြီး ဖမ်းထားတဲ့ ရွာသားတွေနဲ့အတူ ထမင်းချက်စား တယ်လို့သိရတယ်။ ဖားချောင်းအင်းဘက်ကလာတဲ့ စစ်သားတွေက ရငဲရွာထိပ်မှာ ညကရှိနေတယ်” လို့သူကအခုလိုပြောပါတယ်။
ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ဝက်ချောင်းရွာက ရွာသားတချို့ကိုလည်း ဖမ်းသွားတယ်လို့ ပြောနေကြပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မျိုးမရှိသေးပါဘူး။
နဘုလယ်ဒေသကိုစစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက် စစ်ကြောင်းထိုး နေတာကြောင့် ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ဘဝါ၊ ထွက်ဝ၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော စတဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူထောင်နဲ့ချီ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အခုလက်ရှိအချိန်မှာတော့ နဘုလယ်ဒေသမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေတင်းမာနေပြီး ပြီးခဲတဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူ ၇၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားဖူးတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Dawei Information Center
Phar Si Than (People’s Radio Myanmar)