တနင်္သာရီတိုင်းမှာ အကျဉ်းသားတစ်ရာကျော်ပြန်လွတ်တဲ့အထဲ ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်သား ၃ ဦး သာလွတ်မြောက်

သြဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်

ဝါဆိုလပြည့်နေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် တနင်္သာရီတိုင်းထဲက အကျဉ်းသား တစ်ရာကျော်ပြန်လွတ်တဲ့အထဲ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ ပါဝင်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှာ ထားဝယ်အကျဉ်းထောင်က အကျဉ်းသား ၃၅ ဦး၊ မြိတ်အကျဉ်းထောင်နဲ့ ကျောက်ဖြူတောင်အကျဉ်းစခန်းက ၄၉ ဦး၊ တနင်္သာရီမြို့နယ် ထုံခါအကျဉ်းစခန်းက ၁၆ ဦး၊ ကော့သောင်းအကျဉ်းထောင်က ၄၀ ဦး စုစုပေါင်း ၁၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထားဝယ်‌ထောင်မှလွတ်မြောက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ CDM ရဲတပ်ဖွဲ့ဝင် ဦးကျော်လင်းထွဋ်၊ ဦးမျိုးသန့်အောင်နဲ့ မခိုင်သဇင် တို့ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ဆိုပါတယ်။

“လွတ်ရက်နီးနေတဲ့သူတွေလည်းမပါလာကြဘူး။ ထားဝယ်က နိုင်ကျဉ်း ၃ ယောက်ဘဲပါတယ်။ မခိုင်သဇင်ရယ်၊ ရဲ CDM တစ်ယောက်ရယ်၊ ကိုမျိုးသန့်အောင်ပေါ့။ အများကြီးလွတ်မယ်လို့ထင်ခဲ့တာ။ အဲ့ဒီ ၃ ယောက်ကလည်း ရက်ပြည့်ဖို့နည်းနည်းဘဲလိုပြီး” လို့ သူကပြောပါတယ်။

မနေ့ကလွတ်မြောက်လာတဲ့သူအများစုက ခိုးမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ကျခံနေရသူတွေဖြစ်ပြီး မြိတ်၊ တနင်္သာရီ၊ ကော့သောင်း အကျဉ်းထောင်တွေက လွတ်မြောက်သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်ကြဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“အခုလွတ်လာကြတာ ခိုးဆိုးလုယက်တွေဘဲများတယ်။ မြိတ်တို့၊ တနင်္သာရီတို့က နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမပါဘူး” လို့ သူကအခုလိုပြောပါတယ်။

စစ်ကောင်စီတပ်က ဒုတိယဝါဆိုလပြည့်နေ့မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်စခန်းတွေက အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၂၀ ကျော်သာ လွတ်မြောက်လာခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရသိရပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပြီး အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိတယ်လို့ DPPN စာရင်းအချက်အလက်တွေအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)