သံလွင်တံတားစစ်ဆေးရေးဂိတ် ကားဗုံးထောင်ပေါက်ကွဲမှုဖြစ်ပွားကာ ၁၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိ

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံလွင်တံတားစစ်ဆေးဂိတ်မှာ ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၆နာရီ ၄၅ မိနစ်အချိန်က ကားဗုံးထောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ၁၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အခုလို ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းစစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပြည်သူတချို့မှာလည်း ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ အမည်မဖော်လိုသူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“သူတို့စစ်ဆေးရေးဂိတ်ကတော့ အကုန်လုံးကြေသွားတယ် တစ်ယောက်ကတော့ဆုံးတယ် ကျန်တဲ့ဟာတွေကတော့ ခြေထောက်ဒဏ်ရာရတာတို့ ခေါင်းဒဏ်ရာရတာတို့ သုံးယောက်ကတော့ CD ရိုက်ရတယ် အားလုံးပေါင်း ၁၂ ယောက်မှာ ၁ ယောက်ကဆုံးတယ် ပြည်သူတွေထဲမှာက ဆုံးတဲ့သူတစ်ယောက်ပါတယ် ဒဏ်ရာရတဲ့သူ ၂ ယောက်ပါတယ် ပေါက်ကွဲတာက ကားနဲ့လို့တော့ကြားတယ် ကားနဲ့မိုင်းထောင်ပြီး လွှတ်လိုက်တယ်လို့ကြားတယ် အဲ့တာကျတော့ အနားနားမှမရှိတော့မသိရဘူးလေ”လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း စစ်ကောင်စီတပ်ရဲ့ တောင်ကလေး စစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။

“ဒဏ်ရာရတဲ့သူတွေကတော့ တောင်ကလေး စစ်ဆေးရုံ ကုတင် ၁၀၀ မှာ”လို့ သူကပြောပါတယ်။

သံလွင်တံတား စစ်ဆေးရေးဂိတ် ကားဗုံထောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဘားအံမြို့ပေါ်မှ လူမှုကူညီရေးကားအများအပြားမှာလည်း သံလွင်တံတားစစ်ရေးဂိတ်ဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“Ambulance ကားတွေတပုံကြီးပဲ ဘယ်ကတွေမှန်းလည်းမသိဘူး အကုန်လုံးဆင်းသွားတယ် တော်တော်ထိတယ်လို့ပြောတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင်  သံလွင်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာခွင့်မပေးဘူးလို့ ဘားအံမြို့ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အခုလက်ရှိအချိန်မှာလည်း ဘားအံမြို့အဝင်အထွက်နေရာတွေဖြစ်တဲ့ အိန္ဒုတိုးဂိတ်၊ လမ်းဂွ၊ တောင်ကလေးအဝင်ရှိ စစ်ဆေးရေးဂိတ်၊ ဘားအံ -မော်လမြိုင်လမ်းပေါ်ရှိ ဇာသပြင် တံတားတို့မှာ စစ်ကောင်စီတပ်အင်အားတိုးမြှင့်ထားကာ အရင်ကထက် စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)