ထားဝယ်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာကြောင့် ထောင်ထဲကလူတွေ အကျပ်အတည်းနဲ့ရင်ဆိုင်လာရ

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ ခုနစ်

ထားဝယ်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်သားတွေ နေရာယူတပ်စွဲထားတာကြောင့် ထောင်ထဲလူတွေ အပါအဝင် ထောင်ဝင်စာပို့တဲ့သူတွေပါ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၁၃ရက်နေ့လောက်စပြီး စစ်ကောင်စီတပ်သား ၁၅ဦးဝန်းကျင်လောက်  ထားဝယ်အကျဉ်းထောင်ထဲ တပ်စွဲထားပြီး တချို့စစ်ကောင်စီတပ်သားတွေက ထောင်ဝန်ထမ်း ယူနီဖောင်းတွေ ဝတ်ဆင်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့က သေနတ်ကြီးတကားကားနဲ့။ ပြီးတော့ ထောင်ဝန်ထမ်းဝတ်စုံတွေလည်း ဝတ်ထားကြတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာကြောင့် ထောင်ထဲက အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေ အပါအဝင် အပြင်ကထောင်ဝင်စာပို့တဲ့သူတွေကိုပါ အရင်ကထက်ပို ပြီး အစစ်အဆေးတင်းကြပ် လာကြတယ်လို့ ထောင်ဝင်စာပို့နေတဲ့သူတစ်ဦးက အခုလိုပြောပါတယ်။

“ထောင်ထဲမှာ တပ်စွဲတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အရင်ကထက် ထောင်ထဲကလူတွေ ပိုပြီးကျပ်တည်း လာတယ်။ အထဲကလူတွေအတွက်မပြောနဲ့။ အပြင်ကနေသွားပို့တဲ့လူတွေအတွက်ကို ခက်ခဲလာတယ်” လို့ သူကပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူကြီးသိန်းလင်း ထားဝယ်အကျဉ်းထောင်ကို လာရောက်စစ်ဆေးတဲ့အချိန် အကျဉ်းထောင်ဝန်ထမ်းတွေဆီက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာကြောင့် ထားဝယ်အကျဉ်းထောင်ထဲမှာ အခုလိုမျိုးတပ်စွဲလိုက်တာ ဖြစ်တယ်လို့ ထောင်နဲ့နီးစပ်သူတွေရဲ့ သတင်းအရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီး နောက်ပိုင်း ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း ၄၀၀ဝန်းကျင်လောက် ရှိပြီး အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ရှိတယ်လို့ DPPNရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံး နိုင်ငံရေး အကျဉ်းသားစုစုပေါင်း ၂၃၈၉၄ ဦးထိရှိတယ်လို့ AAPPရဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)