နေ့စားခနှုန်းနဲ့ အခြေခံစားသောက်ကုန် စျေးနှုန်းမမျှမတ ဖြစ်နေ

ဇူလိုင် ၁၆၊ ၂၀၂၃
Naga News
နာဂဒေသ၊ နန်းယွန်းမြို့နယ်မှာ ယခုသတင်းပတ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန် မြှင့်တက်နေတယ်လို့ သိရပါတယ်။ ဆန် ၁ အိတ် ၁၅၀၀၀၀ ကနေ ၁၆၀၀၀၀ ကျပ်၊ ဆားတစ်ထုပ် ၁၅၀၀ ကျပ်၊ ဓာတ်ဆီ ၁ ဂါလံ ၃၀၀၀၀ ကျပ် အစရှိတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူ နေကြရပါတယ်။
ဒေသတွင်းမှာ နေ့စားအလုပ်ဆင်းတဲ့သူတွေရဲ့ နေ့စားလုပ်ခတွေဟာ လက်ရှိကုန်စျေးနှုန်းထက် အဆမတန် နည်းပါးနေပြီး အခြေခံလက်လုပ်လက်စားများအတွက် ဝင်ငွေနဲ့ လိုငွေမမျှတတဲ့ အခြေအနေကို ဒေသခံတစ်ဦးက “အခုက နေ့စားအလုပ်ဆို တောင်ယာပေါင်းရှင်းနဲ့ ကောက်စိုက်ဖို့ ခေါ်ကြတာ။ ၁ ရက်ကို ဆန် ၁ပေါင် ရကြတယ်။ ဆန် ၁ပေါင်က ၈၀၀၀၊ ကုန်စျေးနှုန်းတော့တက်တယ်၊ နေ့စားခတော့ မတက်ဘူး” လို့ Naga News ကို ပြောပါတယ်။ သူတို့ပြောတဲ့ ဆန် ၁ ပေါင်ဟာ ဆန် နို့ဆီဗူး ၁၀ လုံးကို ဆိုလိုပါတယ်။ တောင်ပေါ်နေတိုင်းရင်းသားအတော်များများဟာ အိမ်ထောင်တခုမှာ မိသားစုဝင် ၅ ဦးနဲ့အထက် ရှိတတ်ကြပြီး မိသားစုကြီးတွေ များပါတယ်။ ယခု သူတို့အပြောအရ ဆန် ၁ ပေါင်ဟာ တစ်ရက်စာ မဖူလုံသော နေ့စားလုပ်အားခ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်နောက်ပိုင်းတွေမှာ နာဂဒေသဟာလည်း ပြည်တွင်းအစုအဖွဲ့တွေနဲ့သာမက ပြည်ပအခွင့်အလမ်းများကိုပါ လက်လှမ်းမှီနိုင်တော့မယ့် မျော်လင့်ချက်အလင်းတန်းလေး စမြင်လာရချိန် အာဏာသိမ်းပြီး ၂ နှစ်ကျော် အချိန် ကာလအတွင်း နာဂဒေသဟာ သိသိသာသာအမှောင်ထုကြီးထဲကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
#peoplesradiomyanmar
#Naga-News
#နန်းယွန်းဒေသ