ပုလောမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးကို PDFတွေဖမ်းဆီးခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နေ

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ လက္ကူးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးကို PDFတွေဖမ်းဆီးခဲ့ပြီး ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားတာဝန်ခံဆီကနေ သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်လောက်မှာ အသက် ၃၈ နှစ်အရွယ်ရှိ ဦးကျော်အေးကို PDF တွေက လက္ကူးရွာရှိ သူ့ရဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ တန်ဖိုးရှိပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး တရားခံရဲ့ ညီဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားတာဝန်ခံက ပြောပါတယ်။

“ကျတော်တို့ဘက်က သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ သူ့ရဲ့ညီက ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်နေတာ သူတို့ ညီအစ်ကို ၂ယောက်ပါခင်ဗျ” လို့ သူကပြောပါတယ်။

အဆိုပါ ဖမ်းဆီးမှုမှာ ငွေကျပ် သိန်းသုံးရာကျော်၊ WYဆေးလုံး (၆၄,၉၃၅) ပြား၊ ဘုံဆက်စပ် (၁)လုံး၊ မီးခြစ် ၂လုံး၊ ခဲပြား ၁လိပ်၊ နားဆွဲ ၃စုံ၊ ဟန်းခြိမ်း (၁) ခု၊ လက်ကောက် ၅ကွင်း၊ လက်စွပ် ၃ကွင်း၊ ဆွဲကြိုး ၃ကုံး၊ လော့ကပ် ၂ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးကျော်အေးမိသားစုက မူးယစ်ဆေးဝါးကို ပုလောမြို့နယ်တခွင်လုံးကို  အဓိကဖြန့်ဖြူးရောင်းချတာဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။

“သူတို့က အဓိကဖြန့်ဖြူးတာက ပုလောမြိုနယ်ထဲမှာပဲ၊ ဒိုင်ကြီးပေါ့၊ သူတို့ကနေ အခြားပုလောမြို့နယ် ထဲမှာ ရှိတဲ့ဒိုင်ငယ်တွေဆီက ပြန်ဖြန့်တယ်” လို့သူကပြောပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ နေရာမှာတင်မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံကိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံအပ်နှံကာ ဥပဒေနဲ့ အညီအရေးယူတာတွေလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားတာဝန်ခံက အခုလိုပြောပါတယ်။

“မူးယစ်ဆေးဝါးကို နေရာမှာတင် ဖျက်ဆီးပစ်တယ်၊ ရောင်းဝယ်သူကိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ အပ်ပြီး တရားစီရင်ပါတယ်” လို့သူကဆက်ပြောပါတယ်။

သိမ်ဆည်းရရှိခဲ့တဲ့ ငွေကြေးနဲ့တန်ဖိုးရှိ ပစ္စည်းတွေကိုတော့ တော်လှန်ရေးမှာ လက်နက်ခဲယမ်း ဝယ်ယူတာ၊ စစ်ရှောင်တွေအတွက် အသုံးပြုတာ၊ ကျန်းမာရေးကိစ္စတွေမှာ အသုံးပြုမယ်လို့ စဉ်းစားထားပေမယ့် ဘယ်လောက်ရာခိုင်နှုန်းကို ဘယ်နေရာမှာသုံးမယ်ဆိုတာကိုတော့ ဆွေးနွေးဆုံးဖြတ်တာမျိုး မလုပ်ဆောင်ရသေးဘူးလို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားတာဝန်ခံက ဆိုပါတယ်။

၂၀၂၃ ခုနစ် မေလကလည်း လက္ကူးရွာက မူးယစ်ဆေးဝါးရောင်းချတဲ့ ဦးအုန်းခိုင်အိမ်ကို PDFတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် တရားခံက ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးတာနဲ့ အရေးယူဆောင်ရွက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာခဲပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း

Phar Si Than (People’s Radio Myanmar)