တနင်္သာရီတိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ခရီးသည်ကားတွေအပြင် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေပါ ဂိတ်ကြေးပေးနေရ

ဇူလိုင်လ ၁၀ရက်နေ့၊ ၂၀၂၃ခုနစ်

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ်-ကော့သောင်း လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေကို ခရီးသည်တင်ယာဉ်တွေအပြင် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေပါ ပေးဆောင်နေရတယ်လို့ ခရီးသည်ယာဉ်မောင်းသူတစ်ဦးကပြောပါတယ်။ထားဝယ်ကနေ ကော့သောင်းအထိ လမ်းတလျှောက်မှာ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ၃၀ကျော်ရှိပြီး ခရီသည်ကား၊ ကုန်တင်ကားတွေဆီမှာ အများဆုံးတောင်းခံတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကဆိုပါတယ်။

“ အခုက ကားတွေဆီမှာ အတောင်းကြမ်းတာ။ ခရီးသည်တွေကိုလည်း မထင်ရင်မထင်သလိုစစ်တာ။ ထားဝယ်ကနေကော့သောင်းထိ စစ်တပ်ဂိတ် ၃၀ကျော်တယ်” လို့ သူကပြောပါတယ်။

ထားဝယ်ကနေ ကော့သောင်းအထိ ခရီးသည်တစ်ဦးကို ၅၅၀၀၀ကျပ်၊ ထားဝယ်ကနေပုလောအထိ ၁၈၀၀၀ကျပ်နဲ့ မြိတ်ကနေကော့သောင်းအထိ ၃၀၀၀၀ကျပ် ကျသင့်တယ်လို့သိရပါတယ်။ ခရီးစဉ်တစ်လျှောက် ခရီးသည်တစ်ဦးကိုပေးဆောင်ရတဲ့ ငွေကြေးပမာဏမှာ ၁ဂိတ်ကို ၃၀၀၀ကျပ် ကနေ ၅၀၀၀၀ အထိပေးဆောင်ခဲ့ရတယ်လို့ ခရီးသည်တစ်ဦးက အခုလိုပြောပါတယ်။

“ စစ်တပ်ဂိတ်တွေမှာ စစ်ဆေးတာရှိတယ်။ သူတို့က ခရီးသည်တွေမှာလည်း မထင်ရင်မထင်သလိုတောင်းတာ။ ပြီးရင်အရမ်းရစ်တယ်။ ငွေလမ်းခင်းပြီးသွားရင် အဆင်ပြေတယ်။ တချို့ကတတ်နိုင်တဲသူရှိသလို မတတ်နိုင်တဲ့သူလည်းရှိတယ်လေ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ခရီးသည်ကား၊ ကုန်တင်ကား တွေဆီမှာ ငွေကြေးအဆမတန်ကောက်ခံတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရီးသည်တွေပါ အခက်အခဲကြပ်တည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကားဂိတ်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

မော်လမြိုင်- ရေး-ထားဝယ် အမှတ်၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ဆေးတာတွေကို လုပ်ဆောင်နေတဲ့ KNLA-PDF ပူးပေါင်းတပ်တွေကတော့ စစ်ကောင်စီတပ်နဲ့ဆက်စပ်တဲ့ လူတွေနဲ့ ပစ္စည်းတွေကို အဓိကထားစစ်ဆေးကာ ပြည်သူတွေရဲ့ လုံခြုံရေးကိုအဓိကထားပြီး ငွေကြေးကောက်ခံတာတွေမရှိဘူးလို့ သိရပါတယ်။

သတင်း- နော်အယ်နီး
ပုံ- CJ
People’s Radio Myanmar (Phar Si Than)