
ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေနဲ့ ရွှေဈေးနှုန်းမြင့်တက်လာတဲ့အတွက် ကရင်ပြည်နယ် ဘားအံမြို့မှာ စားသောက်ကုန်စည်ဈေးနှုန်းတွေ ၂ဆနီးပါးမြင့်တက်လာတယ်လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၃၀ ရက်နေ့အထိ အမေရိကန် ၁ ဒေါ်လာကို ၂၉၃၅ ကျပ်ရှိပြီး လက်ရှိအချိန်မှာ ၁ ဒေါ်လာကို ၃၁၂၀ ကျပ်ပေါက်ဈေးရှိနေတဲ့အပြင် ထိုင်းဘတ်ငွေ ၁ ဘတ်ကို ၈၄.၇၄ ကျပ်ကနေ ၈၆.၅၀ ကျပ်အထိ ပေါက်ဈေးရှိလာတာပါ။
အခုလို နိုင်ငံခြားငွေ လဲလှယ်မှုဈေးနှုန်းတက်လာပြီးတဲ့နောက်ပိုင်း ဘားအံမြို့မှာလည်း စားသောက်ကုန်စည်တွေ ဈေးနှုန်း ၂ ဆနီးပါးမြင့်တက်လာတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။
“အခုက ဈေးတွေ အကုန်တက်နေတာ၊ အရင်က ပေါ်ဆန်းမွှေးဆန် ၂၄ ပြည်အိတ်ကို ၆ သောင်းဘဲ၊ အခု ၂၄ ပြည်အိတ်ကို ၁သိန်းပေးနေရပြီး၊ ၂ ဆလောက်တက်တာပေါ့၊ ခေါက်ဆွဲခြောက်ဆိုရင်လည်း အရင်က ၂၀၀ ကို အခု ၆၀၀ ဖြစ်နေပြီး၊ ကြက်ဥလည်း အခု ၃ လုံး ၁၀၀၀ ဖြစ်နေပြီး၊ အကုန် ၂ ဆ နီးပါး တက်နေတာ၊ အာဏာမသိမ်းခင်က အမဝယ်တာ မီးလင်း ၁ ကျပ်သားကို ၁၈ သိန်းဘဲ၊ အခု ၃၂ သိန်းဖြစ်သွားပြီ” လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ကုန်ပစ္စည်းဈေးတွေ ၂ ဆနီးပါးမြင့်တက်လာတာကြောင့် ဘားအံမြို့မှာ ဆိုင်ဖွင့်ထားတဲ့ လူတွေအနေနဲ့ အရောင်းအဝယ်ပါးနေပြီး စီးပွားရေးလုပ်ရတာအဆင်မပြေတော့ဘူးလို့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ဆိုင်ကတော့ရောင်းမကောင်းတော့ဘူး၊ ကုန်ဈေးနှုန်းတွေလည်းတက်တယ်၊ အဲ့လို ကုန်ဈေးနှုန်းတွေ တက်တော့ အရင်ကလို အများကြီးမဝယ်ကြတော့ဘူး၊ တစ်ခါလာရင် နည်းနည်းဆီဝယ်ကြတာ၊ အရင်က ၅သိန်းလောက်ရောင်းရတဲ့ဆိုင်က အခု ၁သိန်းတောင်မပြည့်ချင်တော့ဘူး၊ အရောင်းအဝယ်တွေပါး ကုန်တာပေါ့” လို့ သူက ပြောပါတယ်။
ဘားအံမြို့ဟာ ဇာသပြင်၊ လှိုင်းဘွဲနဲ့ သာမညမြို့နယ်တွေရဲ့ ကုန်စည်စီးဆင်းရာမြို့ဖြစ်ပြီး အခုလို ကုန်စည်ဈေးနှုန်းတွေမြင့်တက်နေတဲ့အပြင် အဆိုပါဒေသတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေမှာ နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)