
ဇွန်လ ၂၀ ရက်နေ့၊ ၂၀၂၃ ခုနစ်
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ထားဝယ်သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ ဖခင်ကို လောင်းလုံမြို့နယ်၊ ပြင်းထိန်ရွာကနေအိမ်မှာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကာ အခုလက်ရှိအချိန်မှာတော့ လောင်းလုံမြို့နယ်ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူဟာ ဦးအောင်ဖေ ဟာ အသက် ၆၅ နှစ်အရွယ်ရှိသူဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ပြင်းထိန်ရွာကနေအိမ်ကို စစ်ကောင်စီတပ်တွေက ကား ၄ စီး အင်အား ၃၀ လောက်နဲ့ရောက်ရှိလာပြီး နေအိမ်ထဲမွှေနောက်ကာ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
“သူတို့ ရွာထဲဝင်လာတာက နေ့လည် ၁၂ နာရီလောက်ရှိမယ်။ ဝင်လာြပီး ရွာထဲ ကင်းပုန်းတွေ လိုက်ချတယ်။ ၁ နာရီဝန်းကျင်လောက်မှာ အိမ်ကိုဝင်တယ်” လို့ သူကပြောပါတယ်။
ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်ဦးလွင်ဦးက “ သူတို့အိမ်ကိုဝင်ရှာမယ်ဆိုပြီးပြောတယ်။ အကုန်ရှာတဲ့ အချိန်မှာ အပေါ်ထပ်က ကျနော့်အခန်းထဲမှာ အရင်က ကျောင်းသားသမဂ္ဂ လက်ပတ်၁ခု ထွက်လာတယ်။ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ(ထားဝယ်) ရဲ့ အင်္ကျီတစ်ထည်၊ အဲ့တာတွေကြောင့် ကျနော့်အဖေကို ဖမ်းမယ်ပြောတယ်။ ကျနော်အဖေကို သူတို့ကန်တာတဲ့ အကြောင်းက အိမ်မှာ ဘက်ထရီအိုး ဆင်လို့ရအောင် ဝယ်ထားတဲ့ ကြိုးတစ်ချောင်းကို ရှာထုတ်လာပြီး၊ ဒီကြိုးက အိမ်မှာ သုံးလို့မရတာ မသိဘူးလားပြောပြီး ကန်တယ်လို့ပြောတယ်” လို့ သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက နေအိမ်ထဲ အကုန်ရှာဖွေမွှေနှောက်ခဲ့ပြီး ငွေသား ၈ သိန်းကျပ်နဲ့ ဖုန်း ၂ လုံးကို ယူဆောင်သွားတဲ့အပြင် နေအိမ်ထဲက အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရိုက်နှက်ဖျက်ဆီး သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို လောင်းလုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဒီမနက်က မိသားစုဝင်တွေလိုက်တွေ့တာ တွေ့ခွင့်မပေးဘူး။ လိုအပ်တဲ့ အဝတ်အစားတွေနဲ့ အစားအသောက်တွေဘဲ အပြင်မှာ ပေးခဲ့ရတယ်” လို့ သူကပြောပါတယ်။
ဦးအောင်ဖေဆိုသူဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့သူတစ်ဦးဖြစ်ပြီး သွေးနဲပတ်သတ်တဲ့ ရောဂါအခံရှိသူ တစ်ဦးဖြစ်ကာ ကျန်းမာရေးပြန်ကောင်းတာ သိပ်မကြာသေးဘူးလို့ ထားဝယ်သပိတ် ခေါင်းဆောင် ကိုမင်းလွင်ဦးထံက သိရပါတယ်။
“ကျနော့်အဖေက ဘာအပြစ်မှမရှိဘူး။ တော်လှန်ရေးနဲ့ပတ်သတ်တာတွေလည်း သူမသိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်အဖေက လယ်သမား။ သူ့အလုပ်နဲ့သူတောင်မအားဘူး။ အရင်ကလည်း သွေးမှိုရောဂါကြောင့် တော်တော်ဂရုစိုက်ပြီးကုသနေရတာ။ သက်သာတာ မကြာသေးဘူး” လို့ သူကဆက်ပြောပါတယ်။
ကိုမင်းလွင်ဦးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုတွေကို လက်ရှိအချိန်ထိ အစဉ်မပြတ် ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်ပါတယ်။
အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုတွေက လောင်းလုံမြို့နယ်အတွင်း အားကောင်းနေတာကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ သူတို့ကိုဆန့်ကျင်မယ့် ပြည်သူတွေများလာမှာကို မလိုလားတာကြောင့် အခုလိုမျိုး နည်းအမျိုးမျိုးနဲ့ ဖိအားပေး ခြိမ်းခြောက် နေတာဖြစ်တယ်လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ်၊ နိုဝင်ဘာလကလည်း ကိုမင်းလွင်ဦးရဲ့ မိခင်ကို စစ်ကောင်စီတပ်က ၅ ရက်ကြာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ကိုမင်းလွင်ဦးရဲ့ ဖခင် ဖမ်းဆီးမခံရမီ မနက်ပိုင်းမှာတော့ လောင်းလုံမြို့နယ်တွင် ထားဝယ်သပိတ်ကော်မတီ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေရဲ့ မိသားစုတွေကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာတွေနဲ့ နေအိမ်တွေ မီးရှို့တာကိုလည်း စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေက လုပ်ဆောင်ခဲ့ပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People Radio Myanmar)