
မေလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကျေးရွာတွေမှာ လမ်းဖျက်ဆီးခံထားရပြီး ရိက္ခာသယ်ယူတာတွေကို ကန့်သတ်ထားတာကြောင့် ဆန်ပြတ်လာတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်တောင်ပိုင်းမှာရှိတဲ့ ကမိုင်ကုန်းကျေးရွာ၊ လောင်းကိုင်ကျေးရွာနဲ့ တောင်ကြာအင်းကျေးရွာ လမ်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးထားပြီး ရိက္ခာသယ်သူတာတွေကို ကန့်သတ်ထားတာပါ။
အခုလို လမ်းဖျက်ဆီးခံထားရတာကြောင့် ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေဘက်မှာ ဆန်ဝယ်ယူရ ခက်ခဲနေပြီး ဆန်ပြတ်လတ်တာတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဆန်ဝယ်ရတာ တော်တော်ခက်တယ်၊ အိမ်မှာလည်း ဆန်တစ်အိတ်ဘဲရှိတော့တယ်၊ ဆန်ကုန်ရင်ဘာနဲ့စားရမလဲမသိဘူး၊ ဆန်ကုန်ရင်တော့လိုက်ဝယ်ရမှာပေါ့၊ ကော့ကရိတ်မြို့မှာ တက်ဝယ်ပေါ့၊ ကော့ကရိတ်မြို့မှာ ဆန်စျေးလည်းတက်တယ်၊ ရောင်းတဲ့လူကလည်း နည်းသွားတယ်၊ တစ်ချို့ဆိုင်တွေဆို ပိတ်တဲ့ဆိုင်တွေရှိတယ်” လို့ တောင်ကြာအင်းကျေးရွာမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က လမ်းတွေကိုဖျက်ဆီးထားတဲ့အပြင် မိုးရွာထားတာကြောင့် လမ်းတွေမှာ ချောင်းရေနဲ့ပြည့်နေပြီး သွားလာရခက်ခဲနေတယ်လို့ ကော့ကရိတ်မြို့တောင်ပိုင်းကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
“အခုက လမ်းတွေလည်း ဖျက်ဆီးခံထားရတယ်၊ ဖြတ်လမ်းတွေကလည်း မိုးရွာထားတော့ ချောင်းရေတွေနဲ့ ပြည့်နေတယ်၊ သွားလို့မရဘူး၊ အရင်ကဆို ကော့နွဲ့လမ်းက လမ်းကောင်းတယ် ၊ အခုဆိုရင် သွားရင်စစ်ခံထိတယ် အကြာကြီးဘဲ၊ အဲ့ဒါကြောင့် မသွားတော့ဘူး၊ ဆန်က ကော့ကရိတ်မှာဝယ်လို့မရရင် တစ်ခြားရွာတွေမှာလိုက်ဝယ်ရမှာဘဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရင်က ဆန်ချော ၆ ပြည်အိတ် တစ်အိတ်ကို ၂ သောင်းကျော်သာပေးရပေမဲ့ လက်ရှိအချိန်မှာ ၃၈၀၀၀ အထိပေးနေရပြီး ဝယ်ယူနေရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို ဆန် ၅ အိတ်ထက်ပိုပြီး မတင်ဆောင်ဖို့အတွက် အမိန့်ထုတ်ထားကာ ၅ အိတ်ထက်ပိုပြီးသယ်ယူပါက ဖမ်းဆီးခံရမယ်လို့ အမိန့်ထုတ်ထားတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောက်စီတပ်တွေက ဆန်အိတ်တင်တဲ့ကားတွေကို မြို့ဝင်ဂိတ်မှာ ၅ သောင်းကနေ ၁သောင်းထိ ပိုက်ဆံကောက်ခံတာတွေရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့တောင်ပိုင်းကျေးရွာလမ်းတွေကို မေလ ၈ ရက်နေ့လောက်က စတင်ဖျက်ဆီးခဲ့တာဖြစ်ပြီး ရိက္ခာဝယ်ယူတာတွေကို ကန့်သတ်ထားတာကြောင့် တောင်ကြာအင်းကျေးရွာ၊ လောင်းကိုင် ဖားကျကျေးရွာ၊ ကမိုင်ကုန်းကျေးရွာအပါအဝင် အနီးအနားက ကျေးရွာ သုံးဆယ်နီးပါး နေ့စဥ်စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)