စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ နောင်တလာကျေးရွာကနေအိမ် ၁ လုံးထိမှန်ပျက်စီး

မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးက ကျေးရွာ‌တွေထဲကို စစ်ကောင်စီတပ်က လက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

မေလ (၁၅) ရက်နေ့  မနေ့က နေ့လယ်  ၂ နာရီခွဲလောက်မှာ တောင်ကြာအင်းကျေးရွာအနီးက နောင်တလာကျေးရွာကို ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇)တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တာကြောင့်  နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ နောင်တလာရွားသားတစ်ဦးကပြောပါတယ်။

“၂နာရီခွဲ ဝန်းကျင် စကစ အလုံးကြီး လှမ်းထုလို့ ရွာက အိမ်တစ်လုံး မီးလောင်သွားတယ်၊ ကော့ကရိတ်ဘက်ကပဲ ထုနေတာ၊ လူထိတာတော့မရှိဘူး၊ အလုံးကြီးက သုံးလုံးလောက်ထုတာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေက နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အဲဒီကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာကျေးရွာနဲ့ ဆွေမျိုးတွေရှိရာကို ထွက်ပြေးတိမ်းရှောင် နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီအတောအတွင်းပဲ ရှောင်နေကြတာ၊ တခြားရွာမှာသွားပြောင်းလိုက်တာ၊ အခုလိုမဖြစ်ခင်အရင်တုန်း ကတော့ ခဏခဏပြန်လာသေးတယ်၊ အခုကတော့အိမ်ပဲထိလို့ လူဘာမှမဖြစ်လို့ကံကောင်းတာပေါ့” လို့ ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်က နေ့တိုင်းနီး ပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် တောင်ကြာအင်း ကျေးရွာနဲ့ နောင်တလာကျေးရွာကဒေသခံတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ နောင်တလာ ကျေးရွာမှာ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၂၀ ကျော်မှာတော့ မေလ ပထမအပတ်လောက်ကတည်းက ခူနီ၊ ဖားကျ၊ သမိန်ဒွတ်၊ သာမညနဲ့ ဘားအံမြို့ဘက်တွေမှာ စစ်ဘေးရှောင်နေကြတာလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းကလဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်ကြာအင်းကျေးရွာက နေအိမ် ၂ လုံး လောင်းကိုင်ကျေးရွာက နေအိမ် ၄လုံး  ထိခိုက်ပျက်စီးခဲ့ပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)