တနင်္သာရီတိုင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပထမဆုံးကြိမ် တိုက်ခိုက်

မေလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ နဘုလယ်ဒေသခံတစ်ဦးကပြောပါတယ်။

မေလ ၁၄ရက်နေ့ ဒီနေ့ မနက် ၈နာရီ ၁၀မိနစ်လောက်မှာ မြိတ်လေတပ်ကနေ လေယာဉ်တစ်စီး မြောက်ဘက်ကိုဦးတည်ပြီး ပျံတက်သွားတယ်လို့ Enemy Air Route Channel ကဖော်ပြထားပါတယ်။ မနက် ၈နာရီခွဲဝန်းကျင်လောက်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအနီး ဒေသခံပြည်သူအချို့ နေထိုင်တဲ့နေရာကို စစ်ကောင်စီတပ်က ကင်းထောင်လေယာဉ်နဲ့ ဗုံးသီး ၃လုံးကျဲချခဲ့တယ်လို့ ဒေသခံပြည်သူတစ်ယောက်ကပြောပါတယ်။

လေယာဉ်နဲ့ ဗုံးလာကျဲတာအမှန်ပါ။ သုံးလုံးကျဲခဲ့တာ။ လေယာဉ်ငယ်လို့တော့ပြောကြတယ်။ ပြီးတော့ ထားဝယ်ဘက်ကို ပြန်တက်သွားတယ်လို့ သူကပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ ဒီနေ့ မနက် ၅နာရီခွဲဝန်းကျင်လောက်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေလည်းကြားနေရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံပြည်သူတွေ ထိခိုက်မှုရှိ၊ မရှိကိုတော့အတည်မပြုနိုင်သေးပါဘူး။

လက်နက်ကြီးအသံတွေ အိပ်ယာနိုးကတည်းကကြားနေရတာ။ လက်နက်ကြီတွေဆက်တိုက်ပစ်နေတော့ ရွာထဲကလူတွေကတောင် လေယာဉ်နဲ့လာပြီး ဗုံကျဲတာလားမသိဘူးလို့ ပြောနေတုန်းရှိသေးတယ်။ ကျနော်တို့ ဘက်ကတော့ထိခိုက်မှုတော့မသိရသေးဘူး။ ဖုန်းဆက်လို့ မရကြဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ နဘုလယ်ဒေသက ဒေသခံပြည်သူ ၁၀ကျော်ဝန်းကျင်လောက်  နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ရက်နေ့ကလည်း ဝက်ချောင်းရွာဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးရှိပြီးအဲ့ဒီတိုက်ခိုက်မှုပြီး ၆ရက်အကြာ ဒီနေ့ နံနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်းနော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)