ရန်ကုန်တိုင်းထဲမှာ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ နဲ့ မတ်လတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှောင်တခင်
ပြုလုပ်ပေမယ့် ယခုမေလပထမအပတ်အတွင်း ရန်ကုန်မှာ စစ်အုပ်စုက ပေါ်တာဆွဲ၊ငွေညှစ်တာတွေ နေရာတိုင်းမှာပြုလုပ်လာ။
By – ထက်မြတ်
Date – May 12 , 2026
ရန်ကုန်မှာ အကြမ်းဖက်စစ်အုပ်စုက မေလအတွင်း ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်တာတွေကို နေရာတိုင်းမှာပြန်လည်လုပ်ဆောင်လာတယ်လို့ Rangoon Scout Network ဆီကသိရပါတယ်။
အခု မေလ ၁ ရက်ကနေ ၁၀ ရက်အတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူ ၁၅ ဦးခန့်ရှိနေပြီး အဲဒီလို ဖမ်းဆီးခံရသူ အများစုဟာ ဗဟန်း ၊ လှိုင် ၊ လှည်းကူး ၊ လှိုင်သာယာ နဲ့ အင်းစိန်မြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လမ်းသွားလမ်းလာပြည်သူတွေ နဲ့ လမ်းဘေးထိုင်နေတဲ့လူငယ်တွေကို အဓိကဖမ်းဆီးတာဖြစ်ပြီး တစ်ချို့ကိုတော့မိသားစုဝင်တွေက ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းတာမျိုးတွေလည်း လုပ်နေတယ်လို့သိရပါတယ်။
“ဒီမေလအတွင်း လမ်းဘေးထိုင်နေတာတွေကို ဖမ်းတာတော့ သိထားရတယ်ဗျ ၊ ငွေညှစ်ပြီးပြန်လွှတ်လိုက်တယ် ။ ငွေတောင်းတာတစ်နေရာ နဲ့ တစ်နေရာမတူဘူးဗျ ။အင်းစိန်မှာ ဖမ်းခံရတဲ့ ၄ ယောက်က တစ်ယောက်ကို ၈ သိန်းဆီတောင်းပါတယ် ။ တစ်ခြားနေရာတွေကတော့ အသေးစိတ်မသိထားသေးပါဘူး”လို့ Rangoon Scout Network မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်မှုထမ်းစစ်သားသစ်စုဆောင်းတာကို
စစ်အုပ်စု ၊ ရဲ ၊ ပျူစောထီး ၊ ပြည့်သူ့စစ် ၊ အုပ်ချုပ်ရေးမှူးစတဲ့ အပေါင်းပါတွေဟာ ညဘက်မှာ ဧည့်စာရင်းစစ်တာကိုအကြောင်းပြုပြီး ဖမ်းဆီးနေ တာမျိုးလုပ်နေတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ထဲက မြို့နယ်ရပ်ကွက်တွေ
မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားတာမရှိတော့ဘူးဆိုပါတယ်။
“ဧည့်စစ်ပြီး ဧည့်မတိုင်ထားတဲ့သူတွေကို ဖမ်းတာကော ၊ စစ်မှုထမ်းစာရင်းအတိုင်း ရှာဖမ်းတာကော ၊ အလုပ် နဲ့ မျှားခေါ်ပြီးဖမ်းတာကော ပုံစံမျိုးစုံပါ ၊ သူတို့က အသက် ၁၈ နဲ့ ၃၀ ကြား လူငယ်ပိုင်းတွေကို ပိုဦးစားပေးဖမ်းပါတယ်၊ သက်ကြီးပိုင်းတွေလည်းပါသွားတာတွေမကြာခဏကြားရတယ်ဗျ။ မာရှယ်လော ထုတ်ထားတာလည်းမရှိတော့ဘူးဗျ၊ နှစ်ကူးတဲ့နေ့ထဲက ကာဖျူးတွေ ပြန်ရုတ်သိမ်းသွားပါတယ်”လို့ အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စုပူးပေါင်းတပ်က ပေါ်တာဆွဲဖမ်းဆီးတာမျိုးတွေ ထပ်မံပြုလုပ်နေတာကြောင့် ည ၉ နာရီလောက်မှာ အသွားအလာနည်းပါးသွားသလို လူပြတ်တဲ့နေရာတွေကိုလည်း သွားလာတာတွေမရှိတော့ဘူးလို့ဆိုပါတယ်။
ရန်ကုန်တိုင်းထဲမှာ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ နဲ့ မတ်လတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှောင်တခင်
ပြုလုပ်ပေမယ့် ယခုမေလပထမအပတ်မှာတော့ ပေါ်တာဖမ်းဆီးမှုတွေ ထပ်ပြီးပိုလုပ်လာတာပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ် မတရားအာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးချိန်ကစပြီး လမ်းသွားလမ်းလာပြည်သူတွေကို ပေါ်တာဖမ်းဆီးတာတွေ စလုပ်လာခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက ပေါ်တာဖမ်းဆီးတာ၊စစ်သားသစ်စုဆောင်းတာကနေ စစ်သားသစ်သင်တန်းပို့ဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့စစ်ဆင်ရေးတွေမှာ စစ်သားအဖြစ်အသုံးပြုဖို့ စစ်သင်တန်းပေးနေတာ ၂၄ကြိမ် ခန့် ရှိလာပြီး စစ်သားသစ် တစ်သိန်းဝန်းကျင်အထိ့ အဓမ္မ ခိုင်းစေခံနေရကြောင်းသိရပါတယ်။ပေါ်တာဖမ်းဆီးမှုတွေထပ်ပြီး ပိုလုပ်လာတာပဲဖြစ်ပါတယ်။
