သံလွင်တံတားစစ်ဆေးဂိတ်မှာ လူငယ်တွေကိုအဓိကထားပြီးစစ်ဆေးနေ

မတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ် ဘားအံမြို့က သံလွင်တံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကိုအဓိကပစ်မှတ်ထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လူငယ်အမျိုးသားတွေကို အဓိကထားစစ်ဆေးနေပြီး ဖုန်းနဲ့ မှတ်ပုံတင်တွေကို စစ်ဆေးတာတွေအပြင် ထိုစစ်ဆေးရေးဂိတ်မှာ လမ်းလျှောက်ခိုင်းပြီး စစ်ဆေးခံရတယ်လို့ ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။

“gallery၊ facebook၊ messenger တွေကိုစစ်တယ်။ ယောင်္ကျားလေးတွေကိုပိုအာရုံစိုက်ပြီးစစ်တယ်။ နိုင်ငံရေး post တွေ share ထားတာတွေ့ရင်တော့ ရစ်တယ်။ အသက် ၄၀ ကျော် ၅၀အရွယ်တွေကိုတော့ လမ်းဆင်းမလျှောက်ခိုင်းတော့ဘူး” လို့ ပြောပါတယ်။

ခရီးသွားပြည်သူတွေရဲ့ ဖုန်းထဲက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုံ (သို့မဟုတ်) စာသားတွေတွေ့ခဲ့ရင်လဲ အဲ့ဒီစစ်ဆေးရေးဂိတ်မှာပဲ နာရီအတော်ကြာအောင် စစ်ဆေးမှုတွေလုပ်ဆောင်သေးတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှု (၂)နှစ်ခန့် ကြာမြင့်လာတဲ့နောက်ပိုင်းမှာ  ဘားအံမြို့တွင်းမှာလဲ ကားတွေကို လိုင်စင်စစ်ပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်တဲ့အပြင် လူသွားလူ လာများတဲ့နေရာ၊ မီးပွိုင့်လမ်းဆုံ လမ်းဂွနေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ စစ်ကောင်စီတပ်ကို ဆန့်ကျင်တဲ့ ပို့စ်တွေ ရှိမရှိကို အချက်အလက်ရှာဖွေ စက်ရေးဖုန်းဆော့ဖ်ဝဲလ်တွေ အသုံးပြုပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – Cj