ရငဲရွာမှာ စစ်ရှောင်ရာကနေပြန်လာတဲ့ ရွာသားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး စစ်ကောင်စီတပ်က ရွာထဲမှာ တပ်စွဲဖို့ ပြင်ဆင်နေ

ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာက စစ်ရှောင်နေရတဲ့ အမျိုးသားတစ်ဦး နေအိမ်ကိုပြန်လာတဲ့အချိန် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရွာထဲမှာလည်း ဘန်ကာဆောက်ကာ တပ်စွဲဖို့ပြင်ဆင်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးထံက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ ကိုအောင်အောင်ဆိုသူဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်လောက်မှာ ရငဲရွာရှိ သူ့နေအိမ်မှာရှိနေချိန် ရွာထဲကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ် တွေက သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ကျည်ရှပ်ထိဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာနားကို ဘယ်သူမှကပ်လို့မရဘူး။ သူအိမ်ထဲမှာရှိနေတုန်း ပစ်ထည့်တာ။ ပြေးတာလွတ်သွားတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်ရာကနေ ရွာထဲခဏပြန်လာတဲ့ရွာသားတွေကို ပစ်ခတ်တာတွေအပြင် စစ်ကောင်စီတပ်သားတွေက ဒေသခံအမျိုးသား၊ အမျိုးသမီးတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဘန်ကာဆောက်ဖို့ သဲအိတ်တွေ သယ်ယူခိုင်းတာတွေလည်း လုပ်ဆောင်တယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

“သူတို့က ရွာကလူတွေကို သေနတ်နဲ့ထောက်ပြီး တောင်ပေါ်ကို သဲအိတ်တွေသယ်ခိုင်းပြီး ဘန်ကာ ဆောက်နေတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ထားဝယ်အခြေစိုက် ခမရ ၄၀၂ တပ်ရင်းကဖြစ်ပြီး အင်အား ၄၀ ကျော်လောက်နဲ့ ရငဲရွာရှိ မြွေတောင်ပေါ်မှာ ရေရှည်တပ်စွဲဖို့ ဘန်ကာဆောက်လုပ်နေတာတွေအပြင် ရွာထဲမှာလည်း ကင်းပုန်းတွေချထားတယ်လို့ ဒေသခံကပြောပါတယ်။

“အတိအကျတော့ မပြောတတ်ဘူး။ စစ်ကြောင်းဝင်လာတုန်းကတော့ ၁၁၀ လောက်ပါတယ်။ ပြန်တက်သွားတာနဲ့ဆို ၄၀ ကျော်လောက်ကျန်တယ်။ သေနတ်တွေမှာလည်း ၄၀၂ လို့ရေးထားတာ။ တောင်ပေါ်မှာက တပ်စွဲထားပြီး ရွာထဲမှာက ကင်းပုန်းချထားတာ” လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ နေအိမ်တွေကနေ နေ့တိုင်းနီးပါး တန်ဖိုးရှိပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်နေတာတွေ ပြုလုပ်နေပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက “အိမ်တိုင်းလိုလိုက ပစ္စည်းတွေသယ်ထုတ်နေတာ နေ့တိုင်းဘဲ။ ရွာကသယ်ထုတ်တဲ့ ပစ္စည်းတွေတော့ သရက်ချောင်းတပ်မှာ ခွဲတမ်းချပြီးဝေနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲမှာကင်းပုန်းဝပ်တာနဲ့ တပ်စွဲထားတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ကို မပြန်နိုင်သေးဘူးဖြစ်နေကြပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ဘေးရှောင်ရာကနေ နေအိမ်ကိုပြန်လာပြီး မိခင်အတွက် ဆေးပြန်ယူချိန် အသက် ၂၃နှစ်အရွယ် ကိုဝေယံဟိန်းကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဇွန်လ ၈ ရက် နေ့ကနေ ဒီနေ့ ၂၁ ရက်နေ့အထိ စစ်ဘေးရှောင်နေရတဲ့ လူဦးရေ ထောင်ဂဏန်းနဲ့ချီပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)